မင်းပြားမြို့နယ်တွင် ရွာပေါင်း ၁၅ ရွာခန့် အသုံးပြုနေသည့် ချောင်းကူးတံတားပျက်စီးနေ၍ ဒေသခံများ အခက်အခဲဖြစ်နေ

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကူးတိုးဆိပ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၁၅ ရွာခန့် အသုံးပြုဖြတ်သန်း သွားလာနေသည့် ချောင်းကူးတံတား ယိုယွင်းပျက်စီးနေ၍ ဒေသခံများမှာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

By Admin 24 Dec 2022

မင်းပြားမြို့နယ်တွင် ရွာပေါင်း ၁၅ ရွာခန့် အသုံးပြုနေသည့် ချောင်းကူးတံတားပျက်စီးနေ၍ ဒေသခံများ အခက်အခဲဖြစ်နေ

ကူးတိုးဆိပ်- ထောင့်ချေကျေးရွာ ချောင်းကူးတံတားအား တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၂၄

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကူးတိုးဆိပ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၁၅ ရွာခန့် အသုံးပြုဖြတ်သန်း သွားလာနေသည့် ချောင်းကူးတံတား ယိုယွင်းပျက်စီးနေ၍ ဒေသခံများမှာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါ တံတားမှာ ကူးတိုးဆိပ်ကျေးရွာနှင့် ထောင့်ချေကျေးရွာတို့ကို ဆက်သွယ်ထားသော ကြိုးတံတား တစ်စင်းဖြစ်သည်။ လက်ရှိတွင် အခင်းများပေါက်ပြဲကာ တံတားမှာ ချောင်းထဲသို့ နိမ့်ကျနေသည့်အတွက် သွားလာ၍မရဖြစ်နေကြသည်ဟု ကူးတိုးဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးလှိုင်က ပြောသည်။

“တံတားမှာ ခင်းထားတဲ့ အခင်းတွေကလည်း လုံးဝသွားလို့ မရတဲ့အထိ ပျက်စီးနေပြီ။ ကျနော်တို့ဒေသခံတွေ ကူးသန်းရောင်းဝယ်ဖို့သွားလာလို့မရတော့ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့လည်း ပြုပြင်လို့မရဘူးဖြစ်နေတယ်။ အမျိုးသမီးတွေဆို မသွားရဲကြတော့ဘူး”ဟု ဦးမောင်အေးလှိုင်က ပြောသည်။

ယခုပျက်စီးနေသည့် တံတားမှာ အလျား ပေ ၂၁၄ ပေခန့်ရှိကြောင်း လက်ရှိတွင် ဒေသခံများအနေဖြင့် ကျန်းမာရေးအရေးပေါ်ကိစ္စကြုံ၍ မင်းပြားမြို့ပေါ်သို့ သွားလိုလျင် ကျေးရွာမှ စက်လှေဖြင့် ၂ နာရီခရီးကို မောင်းနှင် သွားလာနေရကြောင်း သိရသည်။

“အမှန်ဆို ကုန်းလမ်းကနေ ခရီးအတိုနဲ့ ရောက်မှာကို စက်လှေနဲ့အဝေးကြီးကနေ ပတ်ပြီးသွားနေရတယ်။ ကုန်းလမ်းကနေ နာရီဝက်နဲ့ရောက်မယ့်ခရီးကို ရေလမ်းကနေ ၂နာရီအထိအ အချိန်ပေးပြီးသွားနေရတော့ ဘယ်လိုမှ အဆင်မပြေဘူး” ဟု မင်းပြားမြို့နယ်၊ထောင့်ချေကျေးရွာက ကိုဝင်းက ပြောသည်။

ကူးတိုးဆိပ်ကျေးရွာနှင့် ထောင့်ချေကျေးရွာကို ဆက်သွယ်ထားသည့် တံတားကို ပွင့်ထီး၊ ခြစ်တောင်၊ ကန်ချောင်းဝ၊ ရွှေဇင်းခင်၊ သူဌေးကုန်း၊ ခါသာ၊နားပဲ့ချောင်း၊ နားဒင် စသည့် ကျေးရွာပေါင်း ၁၅ ခန့်က ဒေသခံများမှာ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးအတွက် အဓိက အားထားရသော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ်၊ နားပဲ့ချောင်းကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးလှကျော်မောင်က “တံတားက သွားလို့မတော့ ချောင်းကိုဖြတ်ပြီးသွားရတဲ့အခါ အချိန်ကြန့်ကြာမှုတွေရှိတယ်။ အခက်အခဲကတော့ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးပိုင်းတွေ၊ ကလေးတွေအတွက် အများကြီးကြုံရတယ်။ သူတို့က ကျန်မားရေးကိစ္စနဲ့ကြုံရင် အချိန်မီ မရောက်နိုင်တော့ အသက်အန္တရာယ် စိုးရိမ်ရတယ်” ဟု ပြောသည်။

ကူးတိုးဆိပ် - ထောင့်ချေကျေးရွာ ချောင်းကူးတံတားကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကစတင်ကာ ဒေသခံများ သွားလာရေးအဆင်ပြေရန်အတွက် ဆွစ်ဇာလန်နိုင်ငံမှ ပုဂ္ဂလိကအရှင်တစ်ဦးမှ လှူဒါန်းပေးထားခြင်းဖြစ်ကာ လက်ရှိတွင် နှစ်ပေါင်း ၁၀ အထိ ကြာမြင့်နေပြီဖြစ်သည်။

လက်ရှိ ပျက်စီးယိုယွင်းနေသော တံတားနှင့်ပတ်သက်၍ ပြုပြင်ပေးရန် အစီအစဉ်ရှိ / မရှိနှင့်ပတ်သက်၍ ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို DMG မှ ဆက်သွယ်ပေးမြန်းရာတွင် မြို့နယ်စည်ပင်နှင့် ကျေးလက်လမ်းတံတားဦးစီးဌာနတို့မှ တင်ပြခြင်းမရှိသေးဖြင့် ၎င်းအနေဖြင့် မသိရှိသေးကြောင်း ပြောသည်။

ထို့နောက် ကျေးလက်တံတားဦးစီးဌာနမှ တာဝန်ရှိသူတို့ကို DMG မှ ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။ အလားတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ဆက်သွယ်ရာတွင် ဒေသခံများမှ တစ်စုံတစ်ရာတင်ပြလာခြင်းမရှိသေးကြောင်း ပြောသည်။

ဗီဒီယိုများ