- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
ကျောက်ဖြူကမ်းခြေ သန့်ရှင်းသာယာရေးအတွက် အမှိုက်ကောက်ပြီး ဘောလုံးပြိုင်ပွဲကျင်းပနေ
ကျောက်ဖြူမြို့ရှိ ကျောက်ဖြူကမ်းခြေ သန့်ရှင်းသာယာစေရေး ရည်ရွယ်ချက်ဖြင့် မြို့ခံများက အမှိုက်ကောက်ခြင်းနှင့်အတူ ဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ့ ၄ နာရီအချိန်က ကျင်းပပြုလုပ်နေကြောင်း သိရသည်။
03 Sep 2022

DMG ၊ စက်တင်ဘာ ၃
ကျောက်ဖြူမြို့ရှိ ကျောက်ဖြူကမ်းခြေ သန့်ရှင်းသာယာစေရေး ရည်ရွယ်ချက်ဖြင့် မြို့ခံများက အမှိုက်ကောက်ခြင်းနှင့်အတူ ဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ့ ၄ နာရီအချိန်က ကျင်းပပြုလုပ်နေကြောင်း သိရသည်။
ပွဲဖြစ်မြောက်ရေးစီစဉ်သူ ကိုထွန်းမင်းသိန်းက “အဓိက ဒီကျောက်ဖြူကမ်းခြေ သာယာသန့်ရှင်းရေးအတွက်ရည်ရွယ်ပြီး ကျင်းပတာဆိုတော့ ကစားပွဲကို ဖွင့်လှစ်တဲ့အခါမှာလည်း ဒီကမ်းခြေမှာရှိတဲ့ အမှိုက်တွေကိုကောက်သိမ်းမှုလေးနဲ့ စတင်ဖွင့်လှစ်ခဲ့ကြပါတယ်”ဟု ပြောသည်။
ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် တစ်သင်းလျှင် ၁၂ ဦးဖြင့် အသင်း ၁၂ သင်းမှ လူဦးရေ ၁၀၀ ကျော် စာရင်းပေးသွင်းထားပြီး ယင်းလူဦးရေဖြင့် ပွဲစဉ်တောက်လျှောက် အမှိုက်ကောက်သိမ်းမည်ဖြစ်ကြောင်းလည်း သိရသည်။
“အသင်းက ၁၂ သင်းဆိုတော့ ပွဲစဉ်ကအနည်းဆုံး ၉ ရက်လောက်ရှိမယ်။ ဒီပွဲရက်တလျှောက်လုံးမှာ ကျနော်တို့ အမှိုက်ကောက်သိမ်းသွားမယ်။ အဓိကတော့ ကိုယ့်ဒေသကလူတွေအနေနဲ့ အမှိုက်ကောက်တဲ့ အလေ့အကျင့်တွေရှိသွားပြီးတော့ ကမ်းခြေကိုလည်း သာယာလှပပါစေချင်တဲ့ရည်ရွယ်ချက်နဲ့ပါ”ဟု ကိုထွန်းမင်းသိန်းကပြောသည်။
ထိုသို့ ကမ်းခြေသန့်ရှင်းရေးအတွက် ဘောလုံးပြိုင်ပွဲဖြင့် လူထုကိုစည်းရုံးနှိုးဆော်ခြင်းမှာ ကျောက်ဖြူတွင် ပထမဦးဆုံးဖြစ်သည်ဟု အဆိုပါဘောလုံးပြိုင်ပွဲတွင်ပါဝင်ကစားမည့် ရခိုင်ယူနိုက်တက်အသင်းမှ ကစားသမားဟောင်း ကိုကောင်းမြတ်ကျော်က ပြောသည်။
“အဓိက ပါဝင်ဖြစ်တာကတော့ ပွဲရဲ့ရည်ရွယ်ချက်လေးကို သဘောကျတယ်၊ ပြီးတော့ ဒီကျောက်ဖြူကမ်းခြေမှာလည်း အမှိုက်တွေနဲ့ ကြည့်မကောင်းဖြစ်နေတဲ့အခါကျတော့ ဝိုင်းဝန်းပါဝင်ပြီးတော့ ကူညီတဲ့သဘောပေါ့”ဟု ၎င်းကပြောသည်။
ဘောလုံးပွဲပြီးသွားသည့်အခါတွင်လည်း ဒေသခံများအနေဖြင့် ထိုကမ်းခြေတွင် ဘောလုံးလာကစားသည့်အခါဖြစ်စေ၊ အပန်းလာဖြေသည့်အခါဖြစ်စေ တစ်ယောက်ကိုအမှိုက်တစ်စစီ ကောက်သိမ်းပေးခြင်းအားဖြင့် ကမ်းခြေသန့်ရှင်းသွားမည်ဖြစ်ကြောင်းလည်း ကိုကောင်းမြတ်ကျော်ကဆက်ပြောသည်။
အဆိုပါဘောလုံးပြိုင်ပွဲကို ဖူဆယ်ကစားနည်း စည်းမျဉ်း၊စည်းကမ်းများနှင့် ကျင်းပသွားမည်ဟုသိရှိရပြီး ပထမဆု ၁၅၀၀၀၀ ကျပ်၊ ဒုတိယဆု ၁၀၀၀၀၀ ကျပ်၊ တတိယဆု ၅၀၀ဝဝ ကျပ်ဖြင့် အနိုင်ရအသင်းများကို ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။