စစ်ဘေးရှောင်ကျောင်းသားများ အားထားရာ ကျောက်တော်က ပရဟိတစာသင်ကျောင်းတွင် အကူအညီများ လိုအပ်နေ

ရခိုင်ပြည်အတွင်းက မိသားစုဆင်းရဲနွမ်းပါးကြသည့် ကျောင်းသားများ စစ်ဘေးရှောင်စခန်းများမှ ကျောင်းသားများပါ အားထားနေရသော ကျောက်တော်မြို့ပေါ်ရှိ မေတ္တာဥယျာဉ်ပညာဒါန ပရဟိတစာသင်ကျောင်းမှာ အကူအညီများလိုအပ်နေကြောင်း ကျောင်းတာဝန်ရှိသူထံမှ သိရသည်။

By Admin 17 Oct 2023

ဓာတ်ပုံ - မေတ္တာဥယျာဉ်ပညာဒါနပရဟိတကျောင်း Facebook page။
ဓာတ်ပုံ - မေတ္တာဥယျာဉ်ပညာဒါနပရဟိတကျောင်း Facebook page။

DMG ၊ အောက်တိုဘာ ၁၈

ရခိုင်ပြည်အတွင်းက မိသားစုဆင်းရဲနွမ်းပါးကြသည့် ကျောင်းသားများ စစ်ဘေးရှောင်စခန်းများမှ ကျောင်းသားများပါ အားထားနေရသော ကျောက်တော်မြို့ပေါ်ရှိ မေတ္တာဥယျာဉ်ပညာဒါန ပရဟိတစာသင်ကျောင်းမှာ အကူအညီများလိုအပ်နေကြောင်း ကျောင်းတာဝန်ရှိသူထံမှ သိရသည်။

ယခင်က ပင်မအလှူရှင်များ၊ ပြည်တွင်းပြည်ပ အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် လည်ပတ်နိုင်ခဲ့သော်လည်း ဩဂုတ်လမှစ၍ အလှူရှင်များ နည်းပါးလာသည့်အတွက် ကျောင်းရပ်တည်ရေးမှာ အခက်အခဲရှိလာနေကြောင်း ကျောင်းတည်ထောင်သူ ဆရာတော် ဦးနန္ဒာစာရက မိန့်ကြားသည်။

“ပွင့်လင်းရာသီရောက်ရင် အလှူထွက်ခံမယ်၊ အလှူရှင်တွေ ရှာမယ်ဆိုပြီး ဆုံးဖြတ်ထားတယ်။ ဦးဇင်းတို့ကျောင်းမှာက ပုံမှန်ဝင်ငွေမရှိတဲ့အတွက် ငွေလိုအပ်ရင် အဆင်ပြေမယ့်သူဆီက ဆွဲသုံးလိုက်တယ်။ ရလာတဲ့အခါ ပြန်ဆပ်။ ဒီစနစ်နဲ့ပဲ သွားနေရတယ်” ဟု ဆရာတော်က မိန့်သည်။

မေတ္တာဥယျာဉ်ပညာဒါန ပရဟိတကျောင်း၏ တစ်လကုန်ကျစရိတ်မှာ လက်ရှိအခြေအနေအရ သိန်းသုံးရာအထက်တွင်ရှိပြီး အလှူငွေရရှိမှုမှာ တစ်လသိန်းတစ်ရာခန့်သာ ရှိသဖြင့် နောက်ထပ်လိုအပ်သည့်ငွေကို ချေးယူသုံးစွဲနေရကြောင်း သိရသည်။

“စစ်ဘေးရှောင် ကျောင်းသား/သူတွေ၊ မိဘမဲ့ကလေးတွေ ပညာသင်ကြားဖို့ အခက်အခဲရှိနေတဲ့ ကလေးတွေကို အဓိကထား သင်ပြနေတာဖြစ်တယ်။ ဒီနောက်ပိုင်းမှာ စားရေးသောက်ရေးအတွက် အခက်အခဲတွေ ရှိနေတယ်။ အလှူရှင်တွေအနေနဲ့ တစ်ဖက်တစ်လမ်းက ကူညီပေးဖို့ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်” ဟု မေတ္တာဥယျာဉ်ပညာဒါန ပရဟိတကျောင်းမှ ဆရာတစ်ဦးကပြောသည်။

မေတ္တာဥယျာဉ်ပညာဒါန ပရဟိတကျောင်းတွင် KG တန်းမှ Grade-12 အထိ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၅၀၀ ကျော်ကို ဆရာ၊ ဆရာမ ၆၀ ကျော်မှ ပညာသင်ကြားပေးလျက်ရှိသည်။

အဆိုပါကျောင်းတွင် ရခိုင်ပြည်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မာန်အောင်၊ ပေါက်တော၊ စစ်တွေနှင့် ရသေ့တောင်အပြင် ပလက်ဝမြို့နယ်တို့မှ မိသားစုဆင်းရဲနွမ်းပါးသည့် ကျောင်းသားများကို ပညာသင်ကြားပေးနေခြင်းဖြစ်သည်။

ပညာသင်ကြားနေကြသော ကျောင်းသား၊ကျောင်းသူထဲတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေကြသည့် စစ်ဘေးရှောင်စခန်းမှ ကျောင်းသူ၊ ကျောင်းသား အများဆုံးပါဝင်သည်။

“ပြင်ပစာသင်ကျောင်းမှာ ထားဖို့က ပိုက်ဆံမတတ်နိုင်ဘူး။ ဒီကျောင်းက နေထိုင်တဲ့ နေရာနဲ့လည်းနီးတယ်၊ အစစအရာရာလည်း အဆင်ပြေတယ်” ဟု ကျောက်တော်မြို့၊ မီးရထားဘူတာ စစ်ဘေးရှောင်စခန်းမှ ကျောင်းသားမိဘ ဦးမောင်စိန်သောင်းက ပြောသည်။

မေတ္တာဥယျာဉ်ပညာဒါန ပရဟိတကျောင်းကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ ဆင်းရဲနွမ်းပါးပြီး ပညာသင်ကြားရန် အခက်အခဲရှိကြသော ရခိုင်ပြည်အတွင်းက ကျောင်းသားများကို စာတတ်မြောက်ရေးအတွက် အဓိကရည်ရွယ် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

လက်ရှိ အလှူရှင်နည်းပါးမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် ကျောင်းရေရှည်ရပ်တည်ရေးမှာ စိန်ခေါ်မှုများစွာ ရှိနေသည့်အတွက် တတ်နိုင်သည့်ဖက်က ဝိုင်းဝန်းဖြေရှင်းပေးကြရန် ကျောင်းတာဝန်ရှိသူနှင့် ကျောင်းသားမိဘများက တောင်းဆိုနေကြသည်။

“ဒီလိုမျိုး ကျောင်းတစ်ကျောင်းရှိလို့ သားသမီးတွေ အနာဂါတ်အတွက် ပညာရေးမှာ စိတ်ချရတယ်။ ဒီကျောင်းမှာ ပညာသင်ကြားနိုင်ဖို့အတွက်လည်း ဆရာတော်က ကလေးငယ်တွေအတွက် ကြိုးကြိုးစားစားလုပ်ပေးတယ်” ဟု ကျောက်တော်မြို့၊ မဟာကံကြီးသျှင် စစ်ဘေးရှောင်စခန်းမှ ကျောင်းသားမိဘ ဒေါ်ခိုင်သန်းရီက ပြောသည်။

ရခိုင်ပြည်အတွင်း ဝေးလံခေါင်ဖျားဒေသများမှ ဆင်းရဲနွမ်းပါးမိသားစုများ၏ ကလေးငယ်များကို ပညာသင်ကြားပေးနေသည့် ပရဟိတစာသင်ကျောင်းများမှာ “မိုခါ” မုန်တိုင်းအလွန် စီးပွားရေး အကျပ်အတည်း၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် ကျောင်းရပ်တည်ရေးပိုင်းမှာ အခက်အခဲများ ကြုံနေကြရကြောင်းလည်း သိရသည်။

ဗီဒီယိုများ