ရခိုင်က မြို့နယ် ၇ ခုတွင် လယ်ယာမြေ အဆင့်မြှင့်တင်ရေး စိုက်ပျိုးရေးဇုန် ဖော်ဆောင်မည်

ရခိုင်ပြည်အတွင်းက စစ်တွေ၊ ကျောက်တော်၊ ဘူးသီးတောင်၊ သံတွဲ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ် မြို့နယ်တို့တွင် လယ်ယာမြေအဆင့်မြှင့်တင်ရေး စိုက်ပျိုးရေးဇုန်လုပ်ငန်းများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

By Admin 17 Mar 2023

ရခိုင်က မြို့နယ် ၇ ခုတွင် လယ်ယာမြေ အဆင့်မြှင့်တင်ရေး စိုက်ပျိုးရေးဇုန် ဖော်ဆောင်မည်

DMG ၊ မတ် ၁၇

ရခိုင်ပြည်အတွင်းက စစ်တွေ၊ ကျောက်တော်၊ ဘူးသီးတောင်၊ သံတွဲ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ် မြို့နယ်တို့တွင် လယ်ယာမြေအဆင့်မြှင့်တင်ရေး စိုက်ပျိုးရေးဇုန်လုပ်ငန်းများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေးဇုန်အဖြစ် မြို့နယ် ၇ မြို့နယ်တွင် လယ်ဧက ၂၀၆၆ ဧကကို ရွေးချယ်သတ်မှတ်ထားပြီး ထိုလယ်မြေများတွင် သီးနှံမျိုးကောင်းမျိုးသန့်ဖြင့် စိုက်ပျိုးရန်နှင့် နွေစပါးသီးထပ်စိုက်ပျိုးနိုင်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းမြင့်က ပြောသည်။

“စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့သဘောပါ။ ပုံမှန်ဆိုရင် လယ်ယာမြေ မကောင်းတာကြောင့် သီးထပ်စိုက်ပျိုးလို့ မရဘူး။ အခုက ဧရိယာတစ်ခုသတ်မှတ်ပြီးတော့ အဲဒီနေရာမှာ စပါးဆိုရင်လည်းစပါး မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးမယ်။ လယ်ယာမြေတွေ ကောင်းမွန်လာအောင်နဲ့ သီးနှံ အထွက်ကောင်းဖို့အတွက် စိုက်ပျိုးရေးဌာနက ကူညီထောက်ပံ့ပေးမယ်။ တောင်သူတွေအနေနဲ့ ဝင်ငွေအများကြီးရအောင် ရည်ရွယ်တယ်”ဟု ဦးထွန်းမြင့်က ပြောသည်။

ယခုသတ်မှတ်ထားသည့် စိုက်ပျိုးရေးဇုန်လယ်ယာမြေတွင် မိုးစပါးအပြင် မတ်ပဲ၊ ကြက်သွန်၊ ငရုတ်နှင့် နွေစပါး သီးထပ်စိုက်ပျိုးသွားမည်ဖြစ်ပြီး လာမည့်ဧပြီလတွင် စတင်အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ယခုထက်ပိုမိုလုပ်ဆောင်ပေးရန် လိုအပ်နေသေးကြောင်း လယ်သမားများက ပြောဆိုကြသည်။

“ကျနော်တို့ လယ်သမားတွေကတော့ ဒီလိုလုပ်ပေးတာကို လက်ခံတယ်။ နည်းပညာတွေနဲ့ အဆင့်မြှင်တင်လိုက်လို့ရှိရင် စပါးအထွက်နှုန်းတွေလည်း ကောင်းလာမယ်။ ရေရရှိရေးကို သူတို့ လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ ဆိုတော့ လယ်သမားတွေမှာ စပါးတစ်ခုတည်းမဟုတ်ဘဲ တခြားသီးနှံတွေကို အများကြီး စိုက်ပျိုးလို့ရတယ်”ဟု စစ်တွေမြို့နယ်၊ သင်းပုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းစိုးအေးကပြောသည်။

လယ်ယာမြေ အဆင့်မြှင့်တက်ရေးစိုက်ပျိုးရေးဇုန်ကို ရေချိုရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုနှင့် လယ်သမားများ စိတ်ပါဝင်စားမှုရှိသည့် ဒေသများကို ဦးစားပေးအနေဖြင့် ရွေးချယ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြည်နယ်စိုက်ပျိုးရေးဌာနမှ ဦးစီးမှူး ဦးထွန်းမြင့်ကဆိုသည်။

“ကျနော်တို့လုပ်ဆောင်မှု အောင်မြင်သွားရင်တော့ လယ်သမားတွေဆီကနေ တခြားလယ်သမားတွေကို ဒီလိုမျိုးလုပ်ဖို့ တိုက်တွန်းစေချင်တယ်။ အများကြီး အောင်မြင်စေချင်တဲ့ သဘောပါ။ ကျနော်တို့ဘက်က တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးမယ်။ သီးထပ်စိုက်ပျိုးတဲ့အခါလည်း စျေးကွက်မရှိရင် ကျနော်တို့ဆီက ကူညီဆောင်ရွက်ပေးသွားမယ်”ဟု ဦးထွန်းမြင့်က ဆိုသည်။

ယင်းအပြင် စိုက်ပျိုးရေးဇုန် သတ်မှတ်ထားသော လယ်ယာမြေတွင်ပါဝင်သည့် လယ်သမားများအတွက် စိုက်ပျိုးသီးနှံ အထွက်ကောင်းစေရန် စက်ကိရိယာများဖြင့် မြေညှိပေးခြင်း၊ ရေရရှိရေးလုပ်ငန်း၊ မျိုးစေ့၊ စိုက်ပျိုးရေးနည်းပညာများကိုလည်း လုပ်ဆောင်ပေးသွားမည့်အပြင် ဓာတ်မြေဩဇာများကိုပါ သက်သာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြောဆိုထားသည်။

လယ်ယာမြေအဆင့်မြှင့်တင်ရေး စိုက်ပျိုးရေးဇုန်တွင်ပါဝင်သည့် စစ်တွေမြို့နယ်၊ ပျားလည်ချောင်းကျေးရွာမှ လယ်ဧက ၂၅၀ နှင့် ကျောက်ဖြူမြို့နယ်၊ အလယ်ရွာကျေးရွာမှ လယ်ဧက ၁၀၀ တို့ကို လက်ရှိတွင် ပထမစမ်းသပ်မှုအနေဖြင့် မြေညှိသည့်အဆင့်ကို လုပ်ဆောင်နေကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း ယခုကဲ့သို့လုပ်ငန်းများ လုပ်ဆောင်လာမှုအပေါ် ကြိုဆိုပြီး တစ်နှစ်တာအစီအစဉ်ဖြင့် ဟန်ပြလုပ်ဆောင်ခြင်း မဟုတ်ဘဲ လက်တွေ့ကျကျ လုပ်ရန်လိုအပ်သည်ဟု ရခိုင့်ဝါရင့် စီးပွားရေးသမားတစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးက ထောက်ပြသည်။

“နှစ်ရှည် ထောက်ပံ့ကြေးတွေ အစိုးရက လုပ်ဖို့လိုတယ်။ အနည်းဆုံး ၃ နှစ်၊ ၅ နှစ်၊ ၇ နှစ် ထောက်ပံ့ပေးမှပဲ အစိုးရရဲ့ policy ဟာ လက်တွေ့ကျတဲ့ policy ဖြစ်မယ်။ မဟုတ်ရင်တော့ လယ်သမားတွေကို စိုက်ပျိုးရေးမြှင့်တင်ပေးတယ်ဆိုပြီး တစ်နှစ်တည်းနဲ့ ဟန်ပြလောက်ပဲဖြစ်မယ်။ လယ်ယာလုပ်ငန်းတွေ အများကြီးတိုးတက်လာဖို့ လိုအပ်တယ်။ အစိုးရဘက်ကလည်း ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်”ဟု ဦးခင်မောင်ကြီးက ပြောသည်။

ရခိုင်တွင် ယခုနှစ် သီးထပ်စိုက်ပျိုးရာသီမှာ နွေစပါးစိုက်ပျိုးဧက ၁,၅၄၅ ဧက၊ မြေပဲစိုက်ပျိုးမှု ၈၂၄၈၁ ဧက၊ နှမ်း ၄၀၉၅ ဧက၊ နေကြာ ၂၉၀၂ ဧက၊ ဆီမုန်ညှင်း ၂၁၃၃၈ ဧက နှင့် ပန်းနှမ်း ၃၇ ဧက တို့ စိုက်ပျိုး ခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏စာရင်းအရ ရခိုင်တပြည်လုံးတွင် စိုက်ပျိုးဧက ၁၂ သိန်းခွဲကျော် ရှိသည်အထဲတွင် ဆောင်းသီးနှံစိုက်ပျိုးဧက ၅ သိန်း ၄ သောင်း ၂ ထောင်ကျော်ရှိရာ လက်ရှိတွင် ဆောင်းသီးနှံစိုက်ပျိုးသည့်ဧက ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း သိရသည်။

ခေတ်မီနည်းပညာ၊ အရင်းအနှီးငွေနှင့် ဈေးကွက်အာမခံချက်မရှိခြင်းတို့ကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို စွန့်ခွာသူများလာသဖြင့် ရခိုင်ပြည်၏စိုက်ပျိုးရေးမှာလည်း တဖြည်းဖြည်း ကျဆင်းလာနေသည်။

#R010

ဗီဒီယိုများ