ရခိုင်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ပြန်ဖွင့်မည့်နေ့ကို အတိအကျ မသိရသေးသဖြင့် ပြည်ပထွက်ခွာမည့်သူများ အခက်တွေ့နေကြ

နိုင်ငံတဝန်းမှ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြန်ဖွင့်မည်ဟု စစ်ကောင်စီက ကြေငြာထားသည်။

By Admin 24 Feb 2023

နိုင်ငံကူးလက်မှတ်ထုတ်ပေး‌ရေးရုံး(စစ်တွေ)တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက နိုင်ငံကူးလက်မှတ်လာလျှောက်သူများအား တွေ့ရစဉ်။
နိုင်ငံကူးလက်မှတ်ထုတ်ပေး‌ရေးရုံး(စစ်တွေ)တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက နိုင်ငံကူးလက်မှတ်လာလျှောက်သူများအား တွေ့ရစဉ်။

DMG ၊ ဖေဖော်ဝါရီ ၂၄

နိုင်ငံတဝန်းမှ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြန်ဖွင့်မည်ဟု စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော်လည်း ရခိုင်ပြည်၊ စစ်တွေမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲကို ယနေ့ ရုံးချိန်အတွင်းပိတ်ထားသည်ကို DMG မှ တွေ့ရှိခဲ့သည်။

လက်ရှိတွင် ရုံးပြန်ဖွင့်မည့်နေ့ကို အတိအကျ မသိရသေးသော်လည်း ယခုရက်ပိုင်းအတွင်း ပြန်ဖွင့်နိုင်ခြေရှိသည်ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(စစ်တွေ) နှင့် နီးစပ်သူများကပြောသည်။

“တနင်္လာနေ့ (ဖေဖော်ဝါရီလ ၂၇)မှာ ပြန်ဖွင့်ဖို့ ပြင်ဆင်နေတာတော့ တွေ့ရတယ်။ ဒါပေမယ့် မသေချာဘူး။ ဘယ်နေ့ ပြန်ဖွင့်မယ်ဆိုတာကို တိတိကျကျလည်း မသိရသေးဘူး” ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(စစ်တွေ)နှင့် နီးစပ်သူတစ်ဦးကပြောသည်။

နိုင်ငံကူးလက်မှတ်များကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်၍ Online Booking စနစ်သစ်ဖြင့် ကိုယ်တိုင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ Online Booking စနစ်သစ်ကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင်သာ ကျင့်သုံးမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရုံးခွဲများတွင် ယခင်လျှောက်ထားမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို မည်သည့်နေ့တွင်ပြန်ဖွင့်မည်ကို တိကျစွာမသိရသေးသဖြင့် အခက်ကြုံနေရသည်ဟု စစ်တွေမြို့မှ နိုင်ငံခြားသို့ထွက်ခွာရန် ပြင်ဆင်နေသည့် ကိုကျော်တင်ထွန်းကပြောသည်။ 

“ကျနော့်မှာ Passport လုပ်မလို့ အရင်တစ်ခါသွားကြည့်တာ ရုံးပိတ်ထားတယ်လို့ပြောတယ်။ မလုပ်ခဲ့ရဘူး။ ဒါက ကျနော်စစ်တွေကဖြစ်လို့ပေါ့။ နယ်ကလူတွေဆိုရင် ရုံးဖွင့်ရက်ကို အသေအချာမသိတော့ အွန်လိုင်းပေါ်က သတင်းတွေကိုကြည့်ပြီး စစ်တွေကိုလာကြတယ်။ အဲဒီမှာ ရုံးပိတ်ထားတော့ ခရီးစရိတ်တွေကုန်တာပဲ အဖတ်တင်တယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ(စစ်တွေ) ပြန်ဖွင့်မည့်နေ့အား တိကျစွာသိနိုင်ရန် ရုံးတာဝန်ရှိသူများကို DMG မှ မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ရခိုင်ပြည်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ(စစ်တွေ)ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နှစ်လခန့်ကြာမြင့်လာပြီဖြစ်သည်။

ထို့ကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာပြီး အလုပ်လုပ်ကိုင်မည့်သူများမှာ အခက်အခဲဖြစ်နေရသဖြင့်  နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများကို အမြန်ဆုံးဖွင့်ပေးရန် လိုအပ်နေကြောင်း မလေးရှားနိုင်ငံသို့သွားရန် ပြင်ဆင်နေသည့် မြောက်ဦးမြို့နယ်မှ ကိုမောင်လှကပြောသည်။ 

“အခုက နိုင်ငံကူးလက်မှတ် မရသေးဘူးဆိုတော့ အလုပ်မရှိသေးဘူး။ အဲဒီတော့ ဟိုလိုလိုဒီလိုလိုနဲ့ မိသားစုစားဝတ်နေရေးပဲ ထိခိုက်တယ်။ ဒါက ကျနော်တစ်ယောက်တည်းတော့ မဟုတ်ဘူးပေါ့။ တခြား ကျနော့်လို လူတွေလည်း အများကြီးရှိတယ်။ အဲဒါကြောင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့ကို ရုံး အမြန်ဆုံးဖွင့်ပေးလေ ကောင်းလေပါပဲ” ဟု ၎င်းကပြောသည်။

ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့်သူများမှာ မိမိတို့ပိုင်ဆိုင်သည့် အိမ်၊ ခြံ၊ ကျွဲ၊ နွားများကို ပေါင်နှံရောင်းချကာ နိုင်ငံခြားသို့သွားရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။ သို့သော် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို ရပ်ဆိုင်းထားသည့်အတွက် ပြည်ပသို့ထွက်ခွာရန် အချိန်ကြန့်ကြာမှုများဖြစ်နေရသည်ဟု စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေါ်သန်းသန်းရွှေကပြောသည်။

“ပြန်ဖွင့်စေချင်တာပေါ့။ အဲဒါမှလည်း အဆင်ပြေမယ်လေ။ မဟုတ်ရင် ဒီမှာ ခြံပေါင်ထားတဲ့ အတိုးတွေကိုဆပ်နေရတယ်။ ရခိုင်မှာအလုပ်မရှိလို့ နိုင်ငံခြားမှာသွားလုပ်မလို့ စီစဉ်နေတာမှာ အခုဆိုရင် ပိုပြီးတော့တောင် ဒုက္ခရောက်သွားသေးတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ကာ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးလာသောကြောင့် ရခိုင်ဒေသခံများသည် လူမှု၊ စီးပွား၊ ဘဝ ရပ်တည်ရေးအတွက် ပြည်ပနိုင်ငံများသို့ ထွက်ခွာကာ အလုပ်လုပ်ကိုင်မှု များပြားလာနေခြင်းဖြစ်သည်။ 

ရခိုင်တွင် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံကူးလက်မှတ်အုပ်ရေ နှစ်သောင်းသုံးထောင်ကျော် ထုတ်ပေးခဲ့ရပြီး ယခင်နှစ်များကထက် နိုင်ငံကူးလက်မှတ်အုပ်ရေ ပိုထုတ်ပေးခဲ့ရသည်ဟု ရခိုင်က ပြည်ပထွက်ခွာရေးနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။  

#R005

ဗီဒီယိုများ