မြန်မာနှင့်ထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ် နတ်မြစ်အတွင်း စောင့်ကြည့်ကင်မရာအလုံး ၂၀၀ တပ်ဆင်နေ

မြန်မာနိုင်ငံနှင့်ထိစပ်လျက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်၊ တက္ကနပ်ဖ်မြို့နယ်အတွင်းရှိ နတ်မြစ်ဧရိယာတွင် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအတွက် စောင့်ကြည့်ရေးကင်မရာ အလုံး ၂၀၀ ကို ဘင်္ဂလားဒေ့ရှ်အစိုးရမှ တပ်ဆင်လျက်ကြောင်း သိရသည်။ 

By Admin 17 Feb 2023

 နတ်မြစ်အတွင်း တပ်ဆင်သွားမည့် ကင်မရာများအား တွေ့ရစဉ်။ ဓာတ်ပုံ - Defence Research Forum-DefRes
နတ်မြစ်အတွင်း တပ်ဆင်သွားမည့် ကင်မရာများအား တွေ့ရစဉ်။ ဓာတ်ပုံ - Defence Research Forum-DefRes

DMG ၊ ဖေဖော်ဝါရီ ၁၇

မြန်မာနိုင်ငံနှင့်ထိစပ်လျက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်၊ တက္ကနပ်ဖ်မြို့နယ်အတွင်းရှိ နတ်မြစ်ဧရိယာတွင် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအတွက် စောင့်ကြည့်ရေးကင်မရာ အလုံး ၂၀၀ ကို ဘင်္ဂလားဒေ့ရှ်အစိုးရမှ တပ်ဆင်လျက်ကြောင်း သိရသည်။ 

နတ်မြစ်အတွင်း မြစ်ကမ်းနားတစ်လျှောက်တွင် အထူးပြုလုပ်ထားသည့် စောင့်ကြည့်ရေးကင်မရာ ၁၀၀ လုံးနှင့် ရေအောက်အာရုံခံကိရိယာ ၁၀၀ လုံးတိုအား တပ်ဆင်သွားမည်ဖြစ်ပြီး ထိုကင်မရာများကို ၂၀၂၃ ခုနှစ်အတွင်း၌ အပြီးသတ်တပ်ဆင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Defence Research Forum-DefRes တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရေးသားထားသည်။ 

ဘင်္ဂလားဒေ့ရှ်အစိုးရက နတ်မြစ်အတွင်း စောင့်ကြည့်ကင်မရာများ တပ်ဆင်ခြင်းမှာ တရားမဝင်ခိုးလာသည့် မွတ်ဆလင်များအပါအဝင် မူးယစ်ဆေးဝါးသယ်ယူမှုများကို စောင့်ကြည်ရန် လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးမောင်အုန်းက ပြောသည်။

“နတ်မြစ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ကင်မရာတပ်မယ်ဆိုတာက တရားမဝင် ဝင်/ထွက်သွားလာရေးနဲ့ ပတ်သက်တာတွေ၊ နောက်ပြီးတော့ တရားမဝင်ကုန်ပစ္စည်းတွေ ပို့ဆောင်မှုတွေနဲ့ပတ်သက်ပြီး အားလုံးကို သူတို့က သိချင်တဲ့အတွက် တပ်တာပဲဖြစ်မယ်” ဟု သူက ပြောသည်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ ကင်မရာများတပ်ဆင်နေခြင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်နှင့် နယ်စပ်လုံခြုံရေးအတွက် တပ်ဆင်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်သည်။

“ကင်မရာတပ်မယ် ဆိုတာကတော့ အဓိက လူဝင်၊လူထွက်တွေကို စောင့်ကြည့်ချင်လို့တပ်တာဖြစ်မယ်။ လူဝင်၊လူထွက်ဆိုတာမှာ မွတ်ဆလင်တွေရဲ့ အဝင်အထွက်တွေလည်း ဖြစ်နိုင်တယ်။ မှောင်ခိုလမ်းကြောင်းတွေလည်း ဖြစ်နိုင်တယ်။ နောက်ပြီးတော့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ ARSA၊ RSO တို့ လှုပ်ရှားတာတွေကို စောင့်ကြည့်ဖို့အတွက်လည်း ဖြစ်နိုင်တယ်။ နောက် ULA/AA လှုပ်ရှားမှုတွေကို စောင့်ကြည့်ချင်လို့လည်း ဖြစ်နိုင်တယ်။ အဓိကတော့ သူတို့နယ်စပ်လုံခြုံရေးအတွက် စောင့်ကြည့်ဖို့ တပ်တာဖြစ်နိုင်တယ်” ဟု ဦးဖေသန်းက ဆိုသည်။

ကင်မရာများ၏တည်နေရာကို တပ်ဆင်ရန်အလုပ်ခန့်ထားသည့် လူ့အချို့မှလွဲ၍ မည်သူမျှမသိနိုင်ကြောင်းနှင့် ကင်မရာများကို ဘင်္ဂလားဒေ့ရှ်၊ အထူးရဲအေဂျင်စီအဖွဲ့ဝင်များမှ စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Defence Research Forum-DefRes က ထုတ်ပြန်ထားသည်။ 

နတ်မြစ်သည် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ၆၃ ကီလိုမီတာအကွာတွင် တည်ရှိပြီး နတ်မြစ်၏ ပျမ်းမျှအကျယ်မှာ မီတာ ၁,၄၀၀ ရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်လျက်ရှိသည့် ရခိုင်ပြည်၊ မောင်တောနယ်စပ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့်  ARSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခြင်းများရှိခဲ့ပြီး မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။ 

#R007

ဗီဒီယိုများ