အလုပ်သမားများအပေါ် မတရားမှုများ ယခင်ထက် ပိုများလာဟု အလုပ်သမားရေးရာအဖွဲ့ထုတ်ပြန်

မြန်မာနိုင်ငံတွင် အလုပ်သမားများအပေါ် မတရားမှုများသည် ယခင်ကထက် ပိုမိုဆိုးရွားများပြားလာသည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)မှ မေလ ၁ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အလုပ်သမားများနေ့မတိုင်မီ တစ်ရက်အလိုတွင် ထုတ်ပြန်လိုက်သည်။

By Admin 30 Apr 2023

အလုပ်သမားများအပေါ် မတရားမှုများ ယခင်ထက် ပိုများလာဟု အလုပ်သမားရေးရာအဖွဲ့ထုတ်ပြန်

DMG ၊ ဧပြီ ၃၀

မြန်မာနိုင်ငံတွင် အလုပ်သမားများအပေါ် မတရားမှုများသည် ယခင်ကထက် ပိုမိုဆိုးရွားများပြားလာသည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)မှ မေလ ၁ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အလုပ်သမားများနေ့မတိုင်မီ တစ်ရက်အလိုတွင် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် “အလုပ်အကိုင်လောကအတွက် အထူးအရေးပါသော မေလ ၁ ရက်နေ့သည် မြန်မာနိုင်ငံရှိ အလုပ်သမားများနှင့်ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် မရေရာမသေချာမှုများနှင့် မတရားမှုများသည် ယခင်အချိန်ကထက် ပိုမိုဆိုးရွားများပြားလာသည်” ဟု ရေးသားထားသည်။

လက်ရှိကာလအတွင်း အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများမှာ အကျပ်အတည်းများဖြင့် ရှင်သန်နေထိုင်နေကြရပြီး စီးပွားရေးလုပ်ငန်း အများအပြားနှင့် အသက်မွေးဝမ်းကျောင်းမှုမှာလည်း ခြိမ်းခြောက်ခံနေရသည့် အခြေအနေတွင်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလုပ်သမားများမှာ အလုပ်သမားအခွင့်အရေးကို ယခင်ကလည်း မရရှိခဲ့သလို ယခုအချိန်ထိလည်း အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရဆဲဖြစ်သည်ဟု စစ်တွေမြို့ရှိ ဖုန်းကုမ္ပဏီတစ်ခုမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

“အလုပ်သမားနေ့မှာတောင် အလုပ်မပိတ်ဘူး။ အစိုးရသာ ပြောင်းလဲသွားတာ။ အလုပ်သမားအခွင့်အရေးက ချိုးဖောက်ခံနေရတုန်း။ တချို့ပုဂ္ဂလိက အလုပ်တွေမှာဆိုရင်လည်း ဝန်ထမ်းတွေကို နှိမ်ပြီးဆက်ဆံတာတွေ ရှိတယ်။ ဝန်ထမ်းတစ်ယောက် သူ့အရည်အချင်းနဲ့သူ ရသင့်ရထိုက်တဲ့ လစာကို မပေးဘူး” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့် ပတ်သက်ပြီး အလုပ်သမားရေးရာ ကူညီပံ့ပိုးရေးစင်တာသို့ တိုင်ကြားလာသည့် အမှုပေါင်း ၄၃ မှုရှိခဲ့ကြောင်း သိရသည်။ တိုင်ကြားလာသည့် အမှုများထဲတွင် အလုပ်သမား လျော်ကြေးငွေတောင်းခံမှု၊ လုပ်အားခ ရလိုမှု၊ အလုပ်ချိန်နှင့်ပတ်သက်၍ ဥပဒေအကြံဉာဏ်တောင်းခံမှုနှင့် အလုပ်သမားများ၏ ခွင့်ရက်ရလိုမှုတို့ ပါဝင်သည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြုပ်နှံကုမ္ပဏီများ မြန်မာပြည်အတွင်းမှ ထွက်ခွာသွားမှုကြောင့်လည်း ပြည်တွင်းရှိ အလုပ်သမားများမှာ အလုပ်လက်မဲ့ဘဝသို့ ရောက်ရှိသွားရမှုများ ရှိသည်။

ကျောက်ဖြူမြို့မှ အလုပ်လက်မဲ့ဖြစ်နေသည့် အလုပ်သမားတစ်ဦးက “အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ အများကြီး ထွက်ခွာသွားကြတယ်။ အဲဒီကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ကြတဲ့ အလုပ်သမားတွေဟာ အခုဆိုရင် အစစအရာရာ နေ့စဉ်ဖြတ်သန်းဖို့အတွက် ဆိုးရွားတဲ့ ဝင်ငွေမရှိတဲ့နေ့ရက်တွေနဲ့ ရင်ဆိုင်နေရတယ်” ဟု ပြောသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် - မြန်မာနိုင်ငံတွင် ကိုဗစ်နှင့် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ခွဲကျော်ကာလအတွင်း အလုပ်အကိုင်ဆုံးရှုံးမှုနှင့် အများဆုံးရင်ဆိုင်ခဲ့ရပြီး လုပ်ငန်းခွင်အတွင်း အလုပ်ရရှိမှု ၁ ဒသမ ၁ သန်း နည်းပါးသွားကြောင်း ဖော်ပြသည်။

၂၀၂၂ ခု၊ နှစ်လည်ပိုင်းမှစ၍ အလုပ်အကိုင်အခြေအနေမှာ အနည်းငယ် ကောင်းမွန်လာသော်လည်း ၂၀၂၀ အာဏာမသိမ်းမီကာလနှင့် နှိုင်းယှဉ်လျှင် အနိမ့်ဆုံးအဆင့်တွင်သာ ရှိနေသေးကြောင်း ILO က ဆိုသည်။

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် အလုပ်သမားများမှာ အလုပ်လက်မဲ့အဖြစ်နှင့် ရင်ဆိုင်ကြုံတွေ့နေကြရပြီး၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ရန် ထွက်ခွာနေသူများမှာလည်း နေ့စဉ်ရက်ဆက် တိုးလာနေသည်။

#R005

ဗီဒီယိုများ