ကိုးရီးယား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို စက်တင်ဘာလဆန်းပိုင်းမှစ၍ ယာယီရပ်နားမည်

တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ယာယီရပ်နားမည်ဖြစ်ကြောင်း ကိုးရီးယားနိုင်ငံ မြန်မာသံရုံးက ဩဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

By Admin 29 Aug 2023

ကိုးရီးယား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို စက်တင်ဘာလဆန်းပိုင်းမှစ၍ ယာယီရပ်နားမည်

DMG ၊ ဩဂုတ် ၂၉

တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ယာယီရပ်နားမည်ဖြစ်ကြောင်း ကိုးရီးယားနိုင်ငံ မြန်မာသံရုံးက ဩဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုသို့ ယာယီရပ်နားခြင်းမှာ မြန်မာနိုင်ငံသားများ၏ သာမန်နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားမှုများ အဆင်ပြေ ချောမွေ့စေရန်နှင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်စက်မှာ ရေရှည်တွင် ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ကိုးရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်သူများမှာ ထိုနိုင်ငံမှ ID ကဒ် မဖြစ်မနေလုပ်ရသည့်အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးလျှင်လည်း ID ကဒ်နှင့် နေထိုင်ခွင့်ရှိသေး၍ ယခု ယာယီရပ်နားလိုက်သည့်အပေါ် စိတ်ပူရန်မလိုကြောင်း ကိုးရီးယားရောက် မြန်မာများက ပြောသည်။

“ကိုးရီးယားနိုင်ငံကို ရောက်လို့ ၃ လနေရင် ဘယ်သူပဲဖြစ်ဖြစ် အဲဒီနိုင်ငံက ID ကဒ် လုပ်ရတယ်။ အဲဒါကြောင့် နိုင်ငံကူးလက်မှတ်(Passport) သက်တမ်းကုန်သွားရင်တောင် အဲဒီကဒ်နဲ့ နေလို့ရသေးတယ်။ အဲဒီကဒ်က သက်တမ်းသုံးနှစ်ရှိတယ်” ဟု ကိုးရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်လူမျိုး ကိုဇော်ဇော်အောင်က DMG သို့ ပြောသည်။

ကိုးရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများတွင် နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ပြီး ၆ လအထိ တရားဝင်နေထိုင်နိုင်သေးကြောင်း သိရသည်။

“Passport ပျောက်သွားတာ၊ သက်တမ်းကုန်သွားတာပဲဖြစ်ဖြစ် အိမ်ပြန်ချင်တယ်ဆိုရင်တောင် အစိုးရဆီမှာလျှောက်ပြီး ပြန်လို့ရတယ်။ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်သွားတဲ့သူတွေက ဘာမှတော့ စိုးရိမ်စရာ မရှိဘူး။ ဒါပေမယ့် အလုပ်လုပ်ကိုင်ရတာ နည်းနည်းအခက်အခဲရှိတယ်” ဟု ကိုးရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် ကိုကျော်စိုးက ပြောသည်။

လက်ရှိ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားခြင်းကို ယာယီပိတ်သွားမည်ဖြစ်သော်လည်း မြန်မာသံရုံး၌ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားပြီးသူများ၏ နိုင်ငံကူးလက်မှတ် အသစ်များကို သတ်မှတ်ထားသည့် နေ့ရက်များအတိုင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း ကိုးရီးယားနိုင်ငံ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

#R005

ဗီဒီယိုများ