ဒေါ်လာဈေး မတည်ငြိမ်မှုကြောင့် ထိုင်းဘတ်ငွေ ဈေးနှုန်းမြင့်တက်

မြန်မာပြည်တွင်း၌ အမေရိကန်ဒေါ်လာငွေဈေးနှုန်း မတည်ငြိမ်မှုအကျိုးဆက်အဖြစ် ထိုင်းဘတ်ငွေ လဲလှယ်မှုနှုန်းများမှာ ယခုရက်ပိုင်းအတွင်း၌ အဆမတန်မြင့်တက်လာနေကြောင်း ထိုင်း-မြန်မာကုန်သွယ်ရေးလုပ်ငန်းများထံမှ သိရသည်။

21 Jul 2022

DMG ၊ ဇူလိုင် ၂၁

မြန်မာပြည်တွင်း၌ အမေရိကန်ဒေါ်လာငွေဈေးနှုန်း မတည်ငြိမ်မှုအကျိုးဆက်အဖြစ် ထိုင်းဘတ်ငွေ လဲလှယ်မှုနှုန်းများမှာ ယခုရက်ပိုင်းအတွင်း၌ အဆမတန်မြင့်တက်လာနေကြောင်း ထိုင်း-မြန်မာကုန်သွယ်ရေးလုပ်ငန်းများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်မှစပြီး ထိုင်းဘတ်ငွေဈေးနှုန်းတရိပ်ရိပ်တက်လာနေသည်ကိုတွေ့ရပြီး ယခင်ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၅၆ ကျပ်ဝန်းကျင်ရှိရာကနေ ယနေ့တွင် ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၆၅ ကျပ်အထိ ဈေးနှုန်းမြင့်တက်သွားကြောင်း မြဝတီမြို့ နိုင်ငံခြားငွေကြေးလဲလှယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

“ထိုင်းဘတ်အဝယ်ဈေးက ၆၅ ကျပ်နဲ့ (မြဝတီ)ရောင်းဈေးက ၆၁ ကျပ်(မဲဆောက်)အထိ ဈေးပေါက်နေတယ်။ အရင်နှစ်လလောက်အထိ အဝယ်ဈေးက ၅၀ ဝန်းကျင်ရှိလာတာကနေ ၆၅ ကျပ်အထိ ဈေးတက်သွားတယ်။ အခြေအနေထပ်ကြည့်ရင် ထပ်ပြီးတော့ ဈေးတက်အုံးမှာပါပဲ”ဟု အဆိုပါ နိုင်ငံခြားငွေကြေး လဲလှယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

ထိုသို့ ဈေးနှုန်းအဆမတန်မြင့်တက်မှုမှာ ထိုင်း-မြန်မာနယ်စပ်နှင့် ထိုင်းနိုင်ငံအတွင်းရှိ ငွေကြေးကုန်သည်များက ဈေးကစားမှုများကြောင့်ဖြစ်ပြီး အချိန်ကာလတစ်ခု ကြာဦးမည်ဖြစ်ကြောင်းလည်း ငွေကြေးလဲလှယ်သူများက ခန့်မှန်းနေကြသည်။

ထိုသို့ ထိုင်းဘတ်ငွေဈေးနှုန်းများ မြင့်တက်လာမှုသည် ဗဟိုဘဏ်မှ နိုင်ငံခြားဆငွကြေးကန့်သတ်မှုကြောင့် အမေရိကန်ဒေါ်လာ အပါအဝင် ပြည်ပငွေကြေးဈေးနှုန်းများက ကမောက်ကမဖြစ်ပေါ်မှု၏ အကျိုးဆက်တစ်ခုဖြစ်ကြောင်း ပြည်တွင်းဈေးကွက်သုတေသနပြုလုပ်သူများမှ သုံးသပ်ထားသည်။

“အဓိကအကြောင်းအရင်းက ဗဟိုဘဏ်ကနိုင်ငံခြားငွေ ထိန်းချုပ်လိုက်တာကစတာ။ ဒေါ်လာဈေးကလည်း သတ်မှတ်ထားတာ ၁၈၆၀ ဝန်းကျင်သာ ပြောတယ်။ အပြင်မှာက ၂၅၀၀ ကျပ်အနားကိုရောက်သွားပြီ။ ဈေကစားတဲ့ သူတွေဘက်ကလည်းပါတယ်။ အခြား ပြည်ပငွေဈေးနှုန်းဆိုလည်း အရင်ထက်တက်သွားတယ်။ ဈေးကွက်ကို ပြန်ထိန်းညှိဖို့ကတော့မလွယ်တဲ့ အခြေအနေဖြစ်နေတယ်”ဟု ဈေးကွက်သုတေသနပြုလုပ်သူတစ်ဦးက ဆိုသည်။

ထိုသို့ ထိုင်းဘတ်ငွေဈေးမြင့်တက်မှုကြောင့် ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်း၊ ဆေးပစ္စည်းနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ တင်သွင်းရာတွင် ကုန်သည်များအနေဖြင့် အခက်အခဲဖြစ်စေကြောင်း မော်လမြိုင်မြို့ရှိ ထိုင်းကုန်စည်များရောင်းဝယ်သူများမှ ပြောဆိုသည်။

“အခု ထိုင်းဘတ်ဈေးတက်တော့ အရင်ထက် အများကြီးမှာလို့ မရတော့ဘူး။ အဓိက လူသုံးကုန်ပစ္စည်းတွေနဲ့ ဆေးပစ္စည်းတွေဆို အရင်ထက်ပိုပြီးဈေးတက်သွားတယ်။ အခုဆို ကိုယ်နိုင်သလောက်ပဲ မှာနိုင်တော့တယ်”ဟု မော်လမြိုင်မြို့ရှိ ထိုင်းထုတ်လူသုံးကုန်ပစ္စည်းများ လက်ကားရောင်းဝယ်သူတစ်ဦးမှ ဆိုသည်။

လက်ရှိအချိန်၌ ဘတ်ငွေရောင်းဝယ်ဈေးနှုန်းအဖြစ် မြန်မာငွေတစ်သိန်း(ကျပ်ပေး ဘတ်ယူ)လျှင် ထိုင်းဘတ်ငွေ ၁၅၅၀ ဘတ်နှင့် မြန်မာငွေ(၁)သိန်း(ဘတ်ယူ ကျပ်ပေး)လျှင် ထိုင်းဘတ်ငွေ ၁၆၂၅ ဘတ်အထိ ပေါက်ဈေးရှိကြောင်း ထိုင်းဘတ်ငွေ လဲလှယ်ရေးကောင်တာ ဈေးကွက်များထံမှသိရသည်။

ဗီဒီယိုများ