- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ရခိုင်ဒေသထွက်မြေပဲ ဈေးကောင်းရသော်လည်း တောင်သူများ တွက်ခြေမကိုက်ဖြစ်နေ
ရခိုင်ဒေသထွက်မြေပဲကို ပြည်မဘက်မှဝယ်ယူနေသဖြင့် ဈေးကောင်းရရှိသော်လည်း စိုက်ပျိုးစရိတ် ကြီးမြင့်မှုကြောင့် တွက်ခြေမကိုက်ဖြစ်နေရကြောင်း တောင်သူများထံမှ သိရသည်။
22 Apr 2023

DMG ၊ ဧပြီ ၂၂
ရခိုင်ဒေသထွက်မြေပဲကို ပြည်မဘက်မှဝယ်ယူနေသဖြင့် ဈေးကောင်းရရှိသော်လည်း စိုက်ပျိုးစရိတ် ကြီးမြင့်မှုကြောင့် တွက်ခြေမကိုက်ဖြစ်နေရကြောင်း တောင်သူများထံမှ သိရသည်။
ယခင်နှစ်က မြေပဲပေါ်ရာသီတွင် တစ်ပိဿာကို ငွေကျပ် ၁,၈၀၀ မှ ၂,၅၀၀ ကြားရရှိခဲ့သည်။ ယခုနှစ်တွင် မြေပဲတစ်ပိဿာကို ငွေကျပ် ၃,၅၀၀ မှ ၄,၀၀၀ အထိ ဈေးကောင်းရရှိနေပြီး ရန်ကုန်၊ ဧရာဝတီအပြင် ဒေသတွင်း ဆီကြိတ်စက်ရုံများကပါ ဝယ်ယူနေခြင်းဖြစ်သည်။
မာန်အောင်မြို့နယ်၊ ဇရပ်ကုန်းခင်ကျေးရွာမှ မြေပဲအဝယ်ဒိုင်ပိုင်ရှင် ဦးညွန့်တင်က “ကျနော်တို့ဆီမှာတော့ ရှစ်ပိသာနဲ့ငါးဆယ်သားရှိတဲ့ မြေပဲတစ်တောင်းကို လက်ရှိ ၃၃,၀၀၀ ကျပ်နဲ့ ပေးဝယ်နေပါတယ်။ မနှစ်ကဆို ၂၂,၀၀၀ ကျပ်လောက်ပဲ ပေါက်ဈေးရှိခဲ့တဲ့အခါကျတော့ ဒီနှစ်မှာ တစ်သောင်းကျော်လောက် ပိုတယ်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်တွင် ယခုနှစ်အတွင်း မြေပဲ ၈၂,၄၈၁ ဧက စိုက်ပျိုးထားကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနက DMG ကို ဖြေဆိုထားသည်။ မြေပဲကို ရခိုင်ပြည်အတွင်းက ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် စီးပွားဖြစ် စိုက်ပျိုးကြပြီး ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်မြို့နယ်တို့တွင်လည်း တပိုင်တနိုင် စိုက်ပျိုးကြကြောင်း သိရသည်။
လက်ရှိမှာ မြေပဲဈေးကောင်းရနေသော်လည်း မြေပဲစိုက်တောင်သူများမှာ ထွန်ယက်ခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည့် သွင်းအားစုစရိတ်စက ကြီးမြင့်မှုတို့ကြောင့် အရင်းငွေနှင့်အမြတ်ငွေ တွက်ခြေမကိုက် ဖြစ်နေကြသည်။
“မြေပဲဈေးကောင်းတယ် ဆိုပေမယ့် မြေဩစာနဲ့ အခြားစိုက်ပျိုးစရိတ်တွေ အကုန် ဈေးမြင့်တက်နေတဲ့ကြားက စိုက်ပျိုးရတာဆိုတော့ ရင်းထားတဲ့ငွေတွေကို ပြန်နှုတ်လိုက်ရင် အရှုံးမပါ်ရုံ အမြတ်ငွေလောက်ပဲ ကျန်တာပါ” ဟု ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာမှ တောင်သူ ဦးမောင်စံအေးက ပြောသည်။
ရခိုင်ပြည်သည် ရေခံမြေခံကောင်းသော ဒေသဖြစ်သော်လည်း နည်းပညာအခက်အခဲ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်အာမခံချက် မရှိခြင်းအပြင် ကုန်ကျစရိတ်မြင့်တက်မှုတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူမှာ တဖြည်ဖြည်း နည်းပါးလာနေသည်။
ကျောက်တော်မြို့နယ်၊ ကြာညိုပြင်ကျေးရွာမှ တောင်သူ ဦးမောင်တင်ဝင်းက “စိုက်ပျိုးစရိတ်တွေကလည်း အရင်ကထက် ဈေးမြင့်တက်နေတော့ ကျနော်တို့ဘက်မှာဆိုရင် စိုက်တဲ့လူက နည်းနည်းပဲ ရှိပါတယ်။ ကျနော်တို့ ကြားရသလောက်တော့ ဒီနှစ်က မနှစ်ကထက် မြေပဲစိုက်တဲ့လူနည်းပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ ရခိုင်တပြည်လုံးတွင် စိုက်ပျိုးဧက ၁၂ သိန်းခွဲကျော် ရှိသည်အထဲတွင် ဆောင်းသီးနှံစိုက်ပျိုးဧက ၅ သိန်း ၄ သောင်း ၂ ထောင်ကျော်ရှိရာ လက်ရှိတွင် ဆောင်းသီးနှံစိုက်ပျိုးသည့်ဧက ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း သိရသည်။
#I008