ရခိုင်မှ အသေးစား၊အလတ်စားလုပ်ငန်းများတိုးတက်ရေးအတွက် အာဏာပိုင်များ၏ လက်တွေ့ကျသည့် ပံ့ပိုး မှုများ လိုအပ်နေဟုဆို

ရခိုင်ပြည်တွင် အသေးစား၊အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်စစ်ကောင်စီအနေဖြင့် အပြောသတ်သတ်မဟုတ်ဘဲ  အမှန်တကယ် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ရခိုင် စီးပွားရေးလုပ်ငန်းရှင်များက ပြောကြသည်။

By Admin 05 Nov 2022

ရခိုင်မှ အသေးစား၊အလတ်စားလုပ်ငန်းများတိုးတက်ရေးအတွက် အာဏာပိုင်များ၏ လက်တွေ့ကျသည့် ပံ့ပိုး မှုများ လိုအပ်နေဟုဆို

ရခိုင် MSME ရုံးဖွင့်ပွဲအခမ်းအနားကို တွေ့ရစဥ်။

DMG | နိုဝင်ဘာ ၅

ရခိုင်ပြည်တွင် အသေးစား၊အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်စစ်ကောင်စီအနေဖြင့် အပြောသတ်သတ်မဟုတ်ဘဲ  အမှန်တကယ် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ရခိုင် စီးပွားရေးလုပ်ငန်းရှင်များက ပြောကြသည်။

MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲများကို ပြည်နယ်စစ်ကောင်စီမှ လုပ်ဆောင်ခြင်းများရှိနေသာ်လည်း MSME လုပ်ငန်းရှင်များ၏ အခက်အခဲ၊လိုအပ်ချက်စသည့်အသံများကို နားထောင်ခြင်း အားနည်းနေသည်ဟု အသေးစား၊အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း (ရခိုင်) MSME Association Rakhine ၏  ဥက္ကဋ္ဌ ကိုညီတိုးမင်းက ပြောသည်။

“ သူတို့(စစ်ကောင်စီ)က ပေါ်လစီစကားကိုပဲပြောနေတယ်။မြေပြင်မှာ MSME လုပ်ငန်းရှင်တွေ ဘယ်လိုဒုက္ခ ရောက်နေတယ်။ဘယ်လို အခက်ကြုံနေရတယ်။ဘယ်လိုရုံးကန်နေရလဲဆိုတာကို တစ်ခုမှမသိဘူး။ သူတို့သိဖို့ အတွက် ကျနော်တို့ တင်ပြဆွေးနွေးဖို့အတွက် တောင်းဆိုပေမယ့် အခုအချိန်ထိ ကျနော်တို့အပေါ်မှာ အသိမှတ် မပြုဖြစ်နေတယ်”  ဟု သူက ပြောသည်။

MSME (ရခိုင်)အသင်းအနေဖြင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခွင့်ရရှိရန် ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းထံ စက်တင်ဘာလအတွင်းက စာပို့ပြီး တင်ပြထားသော်လည်း လက်ရှိအချိန်ထိတစ်စုံတစ်ရာအကြောင်း ပြန်လာခြင်းမရှိသေးဟု ကိုညီတိုးမင်းက ပြောသည်။

ရခိုင်ပြည်တွင် MSME အသင်းကို ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းရှင်များအချင်းချင်း နည်းပညာများဖလှယ်ရန်၊ပြည်တွင်း/ပြည်ပလုပ်ငန်းရှင် များနှင့် ချိတ်ဆက်ရန်နှင့် ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးရန်၊ ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာစေရန်အပါဝင် ပြည်တွင်းထုတ်ကုန်များအား ဈေးကွက်အတွင်းသို့ ရောက်ရှိရန်အတွက် ဖွဲ့စည်းခဲ့ ခြင်းဟု သိရသည်။

ရခိုင်ပြည်အတွင်းမှ MSME စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအနှီး လိုအပ်ချက် ဖြစ်သည့် ငွေကြေးပိုင်းနှင့်နည်းပညာပိုင်းလိုအပ်ချက်များကို  အဓိကထောက်ပံ့ပေးရန်လိုအပ်နေသည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

“ အဓိကတော့ မြေနေရာပေါ့။မြေနေရာကို အဓိကရင်းနှီးမြှပ်နှံရတယ်။နောက်တစ်ချက်က အဆောက်အအုံ ဆောက်ရတယ်။အဲဒါတွေက အဓိကအခက်အခဲတွေပေါ့။နောက် လုပ်ငန်းကလုပ်ချင်တယ်။နည်းပညာပိုင်း မသိဘူး။နည်းပညာပိုင်းကို ချိတ်ဆက်ပေးနိုင်ဖို့လိုတယ်။အဲဒါတွေ အကုန်လုံးကိုလုပ်ဖို့အတွက် ငွေကြေးလို တယ်။ ရင်းနှီးဖို့ငွေကြေးကို အတိုးသက်သာစွာနဲ့ထောက်ပံ့ပေးနိုင်ဖို့အတွက် အစိုးရကဖြစ်ဖြစ်၊ NGO တွေက ဖြစ်ဖြစ် ထောက်ပံ့ပေးနိုင်ဖို့လိုတယ်။အဲဒါတွေရှိမှပဲ MSME လုပ်ငန်းတွေက တဖြည်းဖြည်း တိုးတက်လာမယ်လို့ မြင်တယ်” ဟု သူက ဆိုသည်။

ရခိုင်ပြည်သို့ အခြားဒေသများမှ တင်သွင်းနေရသည့်ကုန်ပစ္စည်းလိုအပ်ချက်များကို လျှော့ချနိုင်ရေးအတွက် MSME လုပ်ငန်းများမှာ အရေးပါသည့်နေရာတွင်ရှိနေသည့်အတွက် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့်ပေါ်လစီသက်သက်မဟုတ်ဘဲ လက်တွေ့ကျကျပံ့ပိုးကူညီမှုများလုပ်ဆောင်ပေးရန်လိုအပ်နေသည်ဟု ရခိုင်မှ ဝါရင့်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးကပြောသည်။

“ အခုလက်ရှိ MSME လုပ်ငန်းရှင်တွေမှာ လုပ်ငန်းအငယ်၊အလတ်ကိုလိုက်ပြီးလိုအပ်ချက်တွေ အများကြီးရှိနေ တယ်။ငွေကြေးပိုင်းနဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာအပိုင်းတွေမှာ လိုအပ်ချက်တွေရှိနေတယ်။ဘဏ်ချေးငွေ အပိုင်းတွေ မှာလည်း လိုအပ်ချက်တွေက သိပ်များတယ်။ဒီဟာတွေကို လျှော့ပေါ့စဉ်းစားပြီးထောက်ပံ့ပေးဖို့လိုအပ်တယ်။ နောက်ပြီး ပေါ်လစီသက်သက်မဟုတ်ဘဲ လက်တွေ့ကျကျဘဏ္ဍာငွေကြေးဆိုင်ရာထောက်ပံ့မှုတွေနဲ့ လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကို ဘဏ်အပိုင်းနဲ့သက်ဆိုင်ရာဌာနဆိုင်ရာတွေက အတိုင်းအတာတစ်ခုထိ ထောက်ပံ့စဉ်းစားပေးနိုင်မှ ထိရောက်တဲ့ပံ့ပိုးကူညီမှုတွေဖြစ်မယ်လို့သုံးသပ်တယ်” ဟု သူက ဆိုသည်။

ယင်းအပြင် ပြီးခဲ့သည့်အစိုးရအဆက်ဆက်လက်ထက်တွင်လည်း MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်ပြီး ပေါ်လစီပိုင်းအဆင့်သာလုပ်ဆောင်ခဲ့ပြီးတစ်စုံတစ်ရာ ထိရောက်မှုမရှိခဲ့သည့် အတွက် အခက်အခဲများနှင့်ကြုံတွေ့နေကြရခြင်းဖြစ်သည်ဟု ဦးခင်မောင်ကြီးက ဆိုသည်။

ယင်းသို့ပြောဆိုချက်များနှင့်ပတ်သက်ပြီး  ပြည်နယ်စစ်ကောင်စီမှ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား DMG မှ ဆက်သွယ်ခဲ့သော်လည်း  ဖုန်းလက်ခံဖြေ ကြားခြင်းမရှိသေးပေ။

သို့သော် ပြည်နယ်စစ်ကောင်စီအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတက်နိုင်ဆုံးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့တွင်ပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ပြပွဲ ရှင်းလင်း ပြသနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌ၏ ဒေါက်တာအောင်ကျော်မင်း က ပြောဆိုခဲ့သည်။

“ ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြဖို့လိုအပ်သလို လုပ်ငန်းရှင်တွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ကူညီဆောင်ရွက်ပေးကြဖို့နဲ့ ပြည်နယ်အစိုးရအဖွဲ့(စစ်ကောင်စီ)အနေနဲ့လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမယ်ဖြစ်တယ်” ဟု ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ယင်းအပြင် ရခိုင်ပြည်အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသဖြင့် MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ဒေသအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ပြည်တွင်းတွင် လိုအပ်သည့် ပစ္စည်းများကို ပြည်တွင်းတွင်ပင် ထုတ်လုပ်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းပေးရာ ရောက်မည်ဖြစ်သည်ဟုလည်း ရေးသားထားသည်။

ဗီဒီယိုများ