မြောက်ဦးနန်းတော်ရာကုန်းက မူလရေလမ်းကြောင်းများကို ပြန်လည်တူးဖော်နေ 

နန်းတော်ရာကုန်းအောက်ထပ်တွင် ကားဂိတ်၊ ထမင်းဆိုင်၊ ဈေးဆိုင်တန်းများ ဆောက်လုပ်ထားသည့်အတွက် မူလတည်ရှိသော ရေလမ်းကြောင်းများမှာ ပိတ်ဆို့သွားခဲ့ခြင်းဖြစ်သည်။ 

By Admin 05 Apr 2023

ဓာတ်ပုံ - Daw Khin Thain (Facebook)
ဓာတ်ပုံ - Daw Khin Thain (Facebook)

DMG ၊ ဧပြီ ၅ 

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ရှေးဟောင်းနန်းတော်ရာကုန်းက မူလရေလမ်းကြောင်းများကို ပြန်လည်ရှာဖွေတူးဖော်မှုများ လုပ်ဆောင်နေကြောင်း အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။ 

နန်းတော်ရာကုန်း အောက်ဆုံးအထပ်တွင် ရေထွက်ပေါက်လမ်းကြောင်းများ ပိတ်ဆို့နေသည့်အတွက် မိုးရာသီကာလတွင် ရေဝပ်တင်ကျန်ရာမှတစ်ဆင့် နန်းတော်ရာကုန်းအောက်ခြေကို ရေတိုက်စားမှုများရှိနေသည်ဟု မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။ 

“နန်းတော်ရာကုန်းမှာ ရေဝင်ရေထွက် ကောင်းသွားအောင်၊ လမ်းသွားလမ်းလာလူတွေလည်း အဆင်ပြေသွားအောင်လို့ နဂိုရှိခဲ့တဲ့ ရေလမ်းကြောင်းကို ပြန်ဖော်ဆောင်လိုက်တာ” ဟု ဒေါ်ခင်သန်းက ပြောသည်။ 

နန်းတော်ရာကုန်းအောက်ထပ်တွင် ကားဂိတ်၊ ထမင်းဆိုင်၊ ဈေးဆိုင်တန်းများ ဆောက်လုပ်ထားသည့်အတွက် မူလတည်ရှိသော ရေလမ်းကြောင်းများမှာ ပိတ်ဆို့သွားခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ရေစီးရေလာကောင်းမွန်စေရေး၊ ရှေးဟောင်းလက်ရာများ မပျက်စီးစေရေးအတွက် မြောက်ဦးမြို့ စည်ပင်သာယာရေးအဖွဲ့နှင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ 

“UNESCO ပညာရှင်တွေ လာတဲ့အချိန်မှာ နန်းတော်ရာကုန်းက သန့်ရှင်းသာယာလှပနေဖို့ လိုတယ်။ ရှေးဟောင်းနန်းတော်ကုန်းနေရာကို အဓိက ကြည့်ရှုမယ်” ဟု ဒေါ်ခင်သန်းက ပြောသည်။ 

မြောက်ဦးဒေသကို UNESCO ပညာရှင်များ လာရောက်စစ်ဆေးရန် အချိန် ၃ လကျော်သာ ကျန်ရှိတော့ပြီဖြစ်သော်လည်း လာရောက်စစ်ဆေးမည်အချိန်ကို အတိအကျ မသိရှိရသေးကြောင်း သိရသည်။ 

မြောက်ဦးဒေသ UNESCO စာရင်းဝင်နိုင်ရေး ထိန်းသိမ်းမှုများ ဆောင်ရွက်နေကြသော်လည်း စည်းကမ်းထိန်းသိမ်းမှု အားနည်းခြင်းကြောင့် အမွေအနှစ်ဇုန်နယ်မြေအတွက် ထိခိုက်မှုများရှိနေသည်။ ရှေးဟောင်းမြို့တော် သန့်ရှင်းသန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာသာမက မြို့ခံများအနေဖြင့်လည်း ထိန်းသိမ်းရန်လိုအပ်ကြောင်း ထောက်ပြကြသည်။ 

“အမှိုက်ကတော့ နေရာတိုင်းမှာ ပြန့်ကြဲနေပါတယ်။  ဘုရားတွေအနီးမှာဆိုရင်လည်း ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ စည်ပင်ကလာသိမ်းပေမယ့် ပြည်သူတွေက စည်းကမ်းမဲ့ပစ်နေရင်တော့ အမြဲတမ်း ဒီလိုပဲ ဆက်ဖြစ်နေမယ်” ဟု မြောက်ဦးမြို့မှ မဟေမွန်လှိုင်က ပြောသည်။ 

ရှေးဟောင်းမြောက်ဦးယဉ်ကျေးမှုဒေသကို သက်ဆိုင်ရာပညာရှင်များက ၂၀၂၃ ခုနှစ် ဇွန်၊ ဇူလိုင်လတွင် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီမှ  UNESCO စာရင်းဝင်/မဝင် ဆုံးဖြတ်သွားမည်ဖြစ်သည်။

#R010

ဗီဒီယိုများ