UNESCO ပညာရှင်များ အဆင်သင့်လေ့လာနိုင်ရန် မြောက်ဦးရှေးဟောင်းပစ္စည်းများကို ကြိုတင်စိစစ်နေ

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသသို့ UNESCO ပညာရှင်များ လာရောက်ကွင်းဆင်းစစ်ဆေးချိန်တွင် အဆင်အသင့် လေ့လာနိုင်စေရန်အတွက် မြောက်ဦးနှင့်သက်ဆိုင်သည့် ရှေးဟောင်းအမွေအနှစ်ရုပ်ဝတ္ထုပစ္စည်းများကို ကြိုတင်စိစစ်မှုများ ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

By Admin 17 Dec 2022

UNESCO ပညာရှင်များ အဆင်သင့်လေ့လာနိုင်ရန် မြောက်ဦးရှေးဟောင်းပစ္စည်းများကို ကြိုတင်စိစစ်နေ

မြောက်ဦးဒေသမှ ရှေးဟောင်း အမွေ‌အနှစ်များတွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၁၇

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသသို့ UNESCO ပညာရှင်များ လာရောက်ကွင်းဆင်းစစ်ဆေးချိန်တွင် အဆင်အသင့် လေ့လာနိုင်စေရန်အတွက် မြောက်ဦးနှင့်သက်ဆိုင်သည့် ရှေးဟောင်းအမွေအနှစ်ရုပ်ဝတ္ထုပစ္စည်းများကို ကြိုတင်စိစစ်မှုများ ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

မြောက်ဦးဒေသရှိ သက်တမ်းနှစ် ၁၀၀ အထက်ရှိသည့် သမိုင်းမှတ်တမ်းများ၊ တန်ဖိုးရှိသော ဗိသုကာလက်ရာပစ္စည်းများ၊ အနုပညာလက်ရာများ၊ ရှေးဟောင်းရုပ်ဝတ္ထုများနှင့် စေတီပုထိုးများကို မှတ်တမ်းတင် စာရင်းကောက်ယူ‌နေခြင်းဖြစ်သည်ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးညိုမြင့်ထွန်းက ပြောသည်။

“မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်ဖို့အတွက် လုပ်နေတာဖြစ်တယ်။ ရှေးဟောင်းပစ္စည်းတွေဟာ တန်ဖိုးရှိတယ်ဆိုတာကို အသိပေးတဲ့သဘောလည်း ဖြစ်တယ်။ မြောက်ဦးမှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေက ဘယ်လောက်ရှိကြောင်း အထောက်အထားပေါ့” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောသည်။

မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဆင့်အထိ ကြိုးစားဆောင်ရွက်သည့် အချိန်တွင် ဘက်ပေါင်းစုံက အဆင်သင့်ဖြစ်နေရန်နှင့် ပြည်သူများအနေဖြင့်လည်း တန်ဖိုးထားတတ်စေရန် ရည်ရွယ်ကြောင်း ဦးညိုမြင့်ထွန်းက ရှင်းပြသည်။

လက်ရှိ မှတ်တမ်းတင်ပြုစုနေသည့်အထဲတွင် ဓညဝတီခေတ်၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦး ခေတ်လေးခေတ် ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများ၊ ဘုရားဆင်းထုတော်၊ ကျောက်စာ၊ ပုထိုးတော်များနှင့် လူ့အသုံးအဆောင်စသည့် ပစ္စည်းအမျိုးစား ရာနှင့်ချီရှိနေပြီဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပြောင်းရွေ့၍မရသည့် အဆောက်အဦများ၊ ထုက္ကန်သိမ်၊ သျှစ်သောင်း ၊ကိုးသောင်းဘုရား၊ ပုထိုး၊စေတီနှင့် ပေါ်တူဂီကုန်တိုက်များ၊ နှစ်ပေါင်းများစွာကြာ အစဉ်အဆက် အသုံးပြုခဲ့သော ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ပစ္စည်းများ၊ ကျုံး၊ ခံတပ်များ၊ ရေသွယ်မှုစနစ်များကိုပါ ဆက်လက် မှတ်တမ်းမှတ်ရာပြုလုပ်နေကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

“အမျိုးအစားတွေအလိုက် အဲဒီထဲမှာ လူအသုံးအဆောင် ပစ္စည်းတွေလား။ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ပစ္စည်းတွေလား။ အုပ်စုပြန်ခွဲတာပေါ့။ ဗုဒ္ဓဆင်းထုတော်တွေဆိုရင်လည်း သစ်သားနဲ့လုပ်တာလား၊ ကြေးနဲ့လုပ်တာလား ကိုယ့်အမျိုးစားအလိုက် ပြန်ခွဲတယ်။ လူ့အသုံးဆောင်ပစ္စည်းတွေ ဆိုရင်လည်း အိုးခွက်၊ ပန်းကန်တွေ အမျိုးမျိုးပေါ့။ ပြီးရင် အကုန်လုံးကို မှတ်တမ်းတင်တယ်” ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်း က ပြောသည်။

လက်ရှိ ‌ရှေးဟောင်းရုပ်ဝတ္ထုပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို မှတ်တမ်းတင်စိစစ်ပြီးပါက ပုံနှိပ်ထုတ်ဝေပြီး ပြည်သူများလေ့လာကြည့်ရှုနိုင်ရန် ဖြန့်ဝေသွားမည်ဖြစ်ကြောင်းလည်း ရှေးဟောင်းသုတေသနဌာနမှ သိရသည်။

မြောက်ဦး UNESCO ဝင်နိုင်ရေးနှင့်ပတ်သက်ပြီး ရှေးဟောင်းသုတေသနဌာန၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

မြောက်ဦးဒေသ UNESCO ဝင်ရောက်နိုင်ရေး အဆိုပြုလွှာမူကြမ်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ မှာရှိသော UNESCO World Heritage Center သို့ တင်သွင်းခဲ့သည်။ ယင်းနောက် အဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ