မြောက်ဦးနန်းတော်ရာ ပထမထပ်တွင် လမ်းခင်းနေသည်ကို ဒေသခံများ ဝေဖန်နေကြ

လက်ရှိမှာ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသကို UNESCO ပညာရှင်များ လာရောက်စစ်ဆေးချိန် အဆင်သင့်ဖြစ်စေရန်အတွက် ရှေးဟောင်း ရုပ်ဝတ္ထုပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို မှတ်တမ်းတင် စိစစ်ရေးများ ပြုလုပ်လျက်ရှိနေသည်။

By Admin 06 Feb 2023

နန်းတော်ရာကုန်းတွင် လမ်းပြုလုပ်နေသည်ကို မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်း၏ လူမှုကွန်ယက်တွင် မျှဝေထားသည့် ဓာတ်ပုံများ။
နန်းတော်ရာကုန်းတွင် လမ်းပြုလုပ်နေသည်ကို မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်း၏ လူမှုကွန်ယက်တွင် မျှဝေထားသည့် ဓာတ်ပုံများ။

DMG ၊ ဖေဖော်ဝါရီ ၆

ရခိုင့်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးမြို့ နန်းတော်ရာကုန်း ပထမအထပ်တွင် လမ်းလုပ်နေသည့်အပေါ် ဒေသခံများကြား ဝေဖန်မှုများ ရှိနေသည်။

ရှေးဟောင်းမြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ် UNESCO စာရင်းဝင်နိုင်ရေးနှင့်ပတ်သက်ပြီး ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများက ကြိုးပမ်းဆောင်ရွက်နေကြချိန်တွင် ယခုကဲ့သို့ လမ်းဖောက်နေခြင်းမှာ ရှေးဟောင်းအမွေအနှစ်ကို ထိခိုက်စေသည့်လုပ်ရပ်ဟုဆိုကာ ဝေဖန်နေကြခြင်းဖြစ်သည်။

မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက “နန်းတော်ရာကုန်း ပထမအထပ်မှာ ဘာကိုမှ မလုပ်သင့်ဘူး။ နန်းတည်ရှိခဲ့တဲ့နေရာကို အရှိတိုင်းပဲထားရမှာပါ။ အမွေအနှစ်ကိုလည်း အများကြီးထိခိုက်တယ်။ လူတွေသွားလို့ လေ့လာချင်ရင်လည်း ဒီအတိုင်း သွားလာလို့ရပါတယ်။ ပုံမှန်သွားနေကျလမ်းလည်း ရှိပါတယ်။ တကယ်လို့ ဒုတိယအထပ်၊ တတိယအထပ်မှာ ပြည်သူတွေ သွားလာ လေ့လာလို့ရဖို့အတွက် လုပ်မယ်ဆိုရင်တော့  နည်းပညာတွေနန့် စနစ်တကျလုပ်ရမယ်ပေါ့” ဟု ပြောသည်။

အဆိုပါ နန်းတော်ရာကုန်းတွင် ဖြတ်လမ်းခင်းမည့် ကိစ္စကို ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဦးဆောင်လုပ်နေခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန်အတွက် ဒေသခံများကို တစ်စုံတစ်ရာ ဆွေးနွေးမှုများလည်း မရှိခဲ့ကြောင်း မြို့ခံများက ပြောဆိုကြသည်။

“ပထမအထပ်မှာ ဟိုဘက်ဒီဘက်သွားလို့ရတဲ့ မြေသားလမ်းရှိတယ်။ အဲဒီ မြေသားလမ်းထက်မှာ ကျောက်တုံးတွေချပြီး ခင်းနေတာ။ အဲဒီလို ခင်းစရာမလိုဘူး။ ကွန်ကရစ်လမ်းလား၊ ကတ္တရာလမ်းလားတော့ မသိဘူး။ ဒီလအတွင်းမှာ စပြီး လုပ်ကြတာ။ ဒါနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့လည်း ဆွေးနွေးခဲ့တာ မရှိပါဘူး” ဟု မြောက်ဦး မြို့မိမြို့ဖတစ်ဦးက  ပြောဆိုသည်။

အဆိုပါ လမ်းခင်းနေသည့် ကိစ္စနှင့်ပတ်သက်ပြီး  ပြည်နယ် ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မြောက်ဦးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကြည်ခင်ကို DMG က ဆက်သွယ်မေးမြန်းသည့်အခါ အဆိုပါကိစ္စအား သူ့အနေဖြင့် မဖြေဆိုနိုင်ဟု တုန့်ပြန်သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ် အတွင်းကလည်း မြောက်ဦးမြို့တွင် ရှေးဟောင်းအဆောက်အအုံနှင့် ရှေးဟောင်းဘုရားပုထိုးအချို့ ပျက်စီးခဲ့မှုအနည်းငယ် ရှိခဲ့သည်။

လက်ရှိမှာ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသကို UNESCO ပညာရှင်များ လာရောက်စစ်ဆေးချိန် အဆင်သင့်ဖြစ်စေရန်အတွက် ရှေးဟောင်း ရုပ်ဝတ္ထုပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို မှတ်တမ်းတင် စိစစ်ရေးများ ပြုလုပ်လျက်ရှိနေသည်။

မြောက်ဦးဒေသ UNESCO ဝင်ရောက်နိုင်ရေး အဆိုပြုလွှာမူကြမ်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့က UNESCO World Heritage Center သို့ တင်သွင်းခဲ့ပြီး၊ အဆိုပြုလွှာ မူချောကိုလလည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ် တင်သွင်းနိုင်ခဲ့သည်။

#R010

ဗီဒီယိုများ