မြန်မာ့ဘဏ္ဍာရေးကဏ္ဍ နောက်ပြန်လှည့်သွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်သတိပေး

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းယူမှုကြောင့် ဘဏ္ဏာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ဆောင်ရွက်ချက်မှုများရပ်တန့်သွားနိုင်ပြီး နောက်ပြန်လှည့်သည့်အခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ သတိပေးလိုက်သည်။

16 Jul 2022

DMG ၊ ဇူလိုင် ၁၆

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းယူမှုကြောင့် ဘဏ္ဏာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ဆောင်ရွက်ချက်မှုများရပ်တန့်သွားနိုင်ပြီး နောက်ပြန်လှည့်သည့်အခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ သတိပေးလိုက်သည်။

ယခုဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည့် ကမ္ဘာဘဏ်၏ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် လေ့လာသုံးသပ်သည့်စာတမ်းအတွင်း၌ မြန်မာနိုင်ငံ၏ အခြေအနေကို ဖော်ပြထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဆယ်စုနှစ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးကဏ္ဍဆိုင်ရာ ဆောင်ရွက်ချက်မှုများမှာ မျှတသည့် စီးပွားရေးစနစ်တစ်ခုဖော်ဆောင်ရန် အရေးပါသည့်နေရာတွင်ပါဝင်ခဲ့ကြောင်း ကမ္ဘာဘဏ်ကအသိပေးသည်။

လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံ ငွေကြေးနှင့် အာမခံကဏ္ဍများသို့ဝင်ရောက်ရန် ပြင်ဆင်ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများမှာ ရပ်တည်ချက်များကို ပြန်သုံးသပ်ရန်စဉ်းစားနေပြီး မြန်မာ့ဘဏ္ဍာရေးကဏ္ဍမှာလည်း ၂၀၁၀-၂၀၁၁ မတိုင်မီကာလသို့ ပြန်ရောက်ရှိသွားစေနိုင်ကြောင်း သုံးသပ်ထား သည်။

ထိုသို့ ကမ္ဘာဘဏ်သုံးသပ်ချက် ထွက်ပေါ်လာမှုမှာ စစ်ကောင်စီ နိုင်ငံခြားငွေကြေးသုံးစွဲရန် ကန့်သတ်ထားမှုများနှင့် ပြည်တွင်းရှိ နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံထားသည့် ကုမ္ပဏီများ ထွက်ခွာသွားမှုများကြောင့်ဖြစ်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးဆိုင်ရာ ပြည်တွင်းဈေးကွက် သုတေသနပြုလုပ်နေသူတစ်ဦးကပြောသည်။

“အခုလို အစီရင်ခံစာထွက်လာတာ ပြည်တွင်းအနေနဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုအကြောင်းအရင်းက အဓိကဖြစ်ပါတယ်။ နောက်နိုင်ငံခြားငွေသုံးစွဲတာ ကန့်သတ်လိုက်တယ်။ အထူးသဖြင့် ကုန်စည်တွေအတွက် အများဆုံးငွေပေးချေတဲ့ အမေရိကန်ဒေါ်လာတွေကို လုပ်ငန်းရှင်တွေကိုကိုင်ဆောင်ခွင့် မပြုတော့တာ။ နိုင်ငံခြားက ရင်းနှီးဝင်ရောက်လာတဲ့ကုမ္ပဏီတွေ ထွက်ခွာသွားတာ။ အဲဒါတွေက ဘဏ္ဍာရေးကဏ္ဍအပေါ် လုံးဝသက်ရောက်သွားစေတယ်”ဟု အဆိုပါသုတေသနပြုလုပ်သူက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေများကြောင့် နိုင်ငံခြားမှ ရင်းနှီးရန်လာရောက်မည့် ကုမ္ပဏီများအနေဖြင့် လာရောက်ရန် လက်ရှိ အခြေအနေ၌စဉ်းစားနေပြီး ပြည်တွင်းအခြေအနေ ပြန်လည်တည်ငြိမ်သည့်အချိန်ကျမှသာ ပြန်လည်ဝင်ရောက်ရန်ရှိနိုင်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များမှ သုံးသပ်သည်။

“နိုင်ငံခြားက ရင်းနှီးလာဖို့အတွက် အခုအခြေအနေနဲ့မဖြစ်နိုင် သေးဘူး။ ဒေါ်လာသုံးစွဲမှုတောင် ကန့်သတ်ထားတယ်။ ပြီးတော့ ရောင်းဈေး ၁၈၅၀ သာပြောတာ။ တကယ်တမ်းက အပြင်မှာ ၂၂၀၀ လောက် ပေါက်ဈေးဖြစ်နေတယ်။ နိုင်ငံရေးတည်ငြိမ်သွားမှပဲ ပြန်ဖြစ်လာနိုင်မယ်”ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

ထို့အတူ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းပါဝင်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားငွေစာရင်းမှ နိုင်ငံခြားငွေများကို မြန်မာကျပ်ငွေဖြင့်လဲလှယ်ရန်နှင့် ကုမ္ပဏီများ၏ နိုင်ငံခြားငွေ စာရင်းများအားလုံးကို ဇူလိုင်လ ၁၈ ရက်နေ့ နောက်ဆုံးထား လဲလှယ်ရမည်ဖြစ်ပြီး ညွှန်ကြားချက်ကိုမလိုက်နာလျှင် အရေးယူမည်ဟု စစ်ကောင်စီဗဟိုဘဏ် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ၃၂/၂၀၂၂ အစည်းအဝေးအတွင်း ဆုံးဖြတ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုသို့ လုပ်ဆောင်လိုက်မှုကြောင့် ပြည်တွင်း၌ လုပ်ကိုင်နေသည့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများ ပြန်လည်ထွက်ခွာရန် ဖိအားဖြစ်စေနိုင်ပြီး ဒေသခံများ အလုပ်အကိုင်ရှားပါးမှုအပေါ် ပိုမိုအကျိုးသက်ရောက်စေကြောင်း အမည်မဖော်လိုသည့် အလုပ်သမားအရေး လှုပ်ရှားသူတစ်ဦးကဆိုသည်။

“ဒီလိုသာ အမိန့်ထုတ်လိုက်ရင် လက်ရှိလုပ်ကိုင်နေတဲ့ နိုင်ငံခြား ဖက်စပ်ကုမ္ပဏီတွေ ပြန်ထွက်သွားဖို့ ဖိအားပေးသလိုဖြစ်သွားတယ်။ အထူးသဖြင့် အထည်ချုပ်စက်ရုံတွေက ပိုဆိုးတယ်။ နဂိုကတည်းက အလုပ်တွေရှားနေတာ။ အခုလိုသာဆိုရင် ပြည်ပကို အလုပ်လုပ်ကိုင်ဖို့ထွက်တဲ့သူတွေ ပိုများဖို့ပဲရှိတော့မယ်”ဟု အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတစ်ဦးက ဆိုသည်။

ထို့အပြင် ကုမ္ပဏီများအနေဖြင့် ပြည်ပမှချေးငွေများကို အတိုးရောအရင်းပါ လတ်တလောပြန်မဆပ်စေဘဲ ညှိနှိုင်းဆောင်ရွက်ကြရန် စစ်ကောင်စီ၏ ဗဟိုဘဏ်မှ ပြီးခဲ့သည့်ဇူလိုင် ၁၃ ရက်တွင် ညွှန်ကြားမှုကြောင့် ပြည်တွင်းစီးပွားရေးကဏ္ဍတွင် ကြီးမားသည့် စိန်ခေါ်မှုဖြစ်စေကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များမှ သုံးသပ်ထားသည်။

ဗီဒီယိုများ