မြေပုံမြို့တွင် ဒေသခံများအားထားရသည့် ဘဏ်မရှိ၍ ငွေလွှဲငွေထုတ်ရာ၌ အခက်ကြုံတွေ့နေရ

ရခိုင်ပြည်၊ မြေပုံမြို့တွင် ဒေသခံအများစု အဓိက အားကိုးအသုံးပြုနေသည့် ပုဂ္ဂလိကပိုင် ကမ္ဘာ့ရတနာဘဏ် ပိတ်ထားသဖြင့် ငွေလွှဲငွေထုတ်ရာတွင် ငွေကြေးအကုန်အကျ များပြားခြင်း၊ အချိန်ကြန့်ကြာခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများထံမှ သိရသည်။ 

By Admin 21 Mar 2023

မြေပုံမြို့တွင် ဒေသခံများအားထားရသည့် ဘဏ်မရှိ၍ ငွေလွှဲငွေထုတ်ရာ၌ အခက်ကြုံတွေ့နေရ

DMG ၊ မတ် ၂၁ 

ရခိုင်ပြည်၊ မြေပုံမြို့တွင် ဒေသခံအများစု အဓိက အားကိုးအသုံးပြုနေသည့် ပုဂ္ဂလိကပိုင် ကမ္ဘာ့ရတနာဘဏ် ပိတ်ထားသဖြင့် ငွေလွှဲငွေထုတ်ရာတွင် ငွေကြေးအကုန်အကျ များပြားခြင်း၊ အချိန်ကြန့်ကြာခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများထံမှ သိရသည်။ 

ကမ္ဘာ့ရတနာဘဏ်ကို ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစ၍ ယခုအချိန်အထိ ပိတ်ထားသည့်အတွက် မြေပုံမြို့နယ်အတွင်းမှ ဒေသခံများမှာ KBZ Pay၊ Wave Pay စသည့် အွန်လိုင်းစနစ်ဖြင့် ငွေလွှဲငွေထုတ်ခြင်းများကို အသုံးပြုနေကြရသည်။ 

ထိုသို့ငွေလွှဲငွေထုတ်ရာတွင် ငွေကြေးအကုန်အကျများပြားသဖြင့် ဘဏ်ရှိသည့် အခြားမြို့နယ်များနှင့် ချိတ်ဆက်ကာ ငွေလွှဲငွေထုတ်ခြင်းများကို လုပ်ဆောင်နေရသည်ဟု ဒေသခံများက ပြောသည်။ 

“နိုင်ငံခြားကို သွားတဲ့သူတွေရှိတော့ အဲဒီကနေ ငွေအလွှဲအပြောင်းတွေလုပ်တဲ့အခါ စစ်တွေကနေတဆင့် လွှဲခိုင်းရသေးတယ်။ စစ်တွေက ငွေလွှဲဆိုင်တွေနဲ့ အချိတ်အဆက်လုပ်ပြီး အသုံးပြုနေရတယ်။ တိုက်ရိုက်မဟုတ်ဘဲ တစ်ဆင့်ခံဆိုတော့ အချိန်က ပိုကြန့်ကြာတာပေါ့။ တစ်ရက်နဲ့အဆင်ပြေမှာကို နှစ်ရက်၊ သုံးရက် စောင့်ရတာမျိုးတွေ ရှိတယ်” ဟု မြေပုံမြို့ဒေသခံ မမြနန္ဒာက ပြောသည်။  

မြေပုံမြို့တွင် ပုဂ္ဂလိကပိုင် ကမ္ဘာ့ရတနာဘဏ်နှင့် အစိုးရပိုင် စီးပွားရေးဘဏ် နှစ်ခုသာရှိပြီး ဒေသခံများမှာ ငွေလွှဲငွေထုတ်ခြင်းများအတွက် ကမ္ဘာ့ရတနာဘဏ်ကို အဓိက အသုံးပြုနေကြခြင်းဖြစ်သည်။ ကမ္ဘာ့ရတနာဘဏ်ကို ဒေသအခြေအနေကြောင့် ပိတ်ထားခဲ့ရာမှ လက်ရှိမှာ အဆိုပါဘဏ်အား ရပ်နားလိုက်ပြီ ဖြစ်သည်ဟုလည်း ဘဏ်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။ 

ယခင်ကဖွင့်လှစ်ခဲ့သည့် ကမ္ဘာ့ရတနာဘဏ်အား လက်ရှိတွေ့မြင်ရစဉ်။ 

အစိုးရပိုင် စီးပွားရေးဘဏ်မှာ အစိုးရဝန်ထမ်းများ၏ လစာ အထုတ်အပြောင်းများနှင့် ပင်စင်ထုတ်ပေးခြင်း ချေးငွေထုတ်ချေးခြင်းတို့ကို အဓိက ဆောင်ရွက်နေသည့် ဘဏ်ဖြစ်၍ ငွေလွှဲငွေထုတ်ရာ၌ အချိန်ကြန့်ကြာမှုများ ရှိသဖြင့် ဒေသခံများမှာ အဆိုပါဘဏ်ကို အသုံးပြုမှုနည်းပါးသည်ဟု ဆိုကြသည်။ 

မြေပုံမြို့မှ ကိုအောင်ဌေးဝင်းက “စီးပွားရေးဘဏ်မှာ ငွေလွှဲငွေထုတ်တာကတော့ ရတယ်။ ဒါပေမယ့် အဲဒီဘဏ်က အချိန်ကြန့်ကြာတယ်။ အဲဒါကြောင့် သိပ်မသုံးကြဘူး။ ကမ္ဘာ့ရတနာဘဏ်ကလည်း အခုထိပိတ်ထားတုန်းပေါ့” ဟု ဆိုသည်။

ထို့ကြောင့် မြေပုံမြို့နယ်အတွင်းမှ ဒေသခံများမှာ နီးစပ်ရာမြို့များသို့ သွားရောက်ကာ ငွေလွှဲငွေထုတ်ခြင်းများကို လုပ်ဆောင်နေရသည်ဟု မြေပုံမြို့နယ်၊ င/ပသုန်ကျေးရွာမှ ဒု-အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်သန်းက ပြောသည်။  

“တချို့က Wave ကနေပြီးတော့ ငွေလွှဲကြတယ်။ ငွေအကုန်အကျတော့ ဘဏ်ထက်ပိုများတာပေါ့။ ဝေးလံခေါင်ပါးတဲ့ရွာတွေဆိုရင် အချိန်အများကြီး ကြန့်ကြာတာပေါ့” ဟု ၎င်းက ပြောသည်။

မြေပုံမြို့နယ်မှ ဒေသခံများမှာ ငွေသွင်းငွေထုတ်ဆိုင်များတွင် KBZ Pay၊ Wave Pay အွန်လိုင်းစနစ်တို့ကို အသုံးပြုပြီး ငွေလွှဲငွေထုတ်နေကြသော်လည်း ဘဏ်ကဲ့သို့ လုံခြုံမှုမရှိသည့်အတွက် စိုးရိမ်စိတ်များဖြင့် အသုံးပြုနေကြရသည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။  

ထို့ကြောင့် မြေပုံမြို့တွင် ဒေသခံများအတွက် ငွေအကုန်အကျနည်း၍ လုံခြုံစိတ်ချစွာ ငွေလွှဲငွေထုတ်ခြင်းများ လုပ်ဆောင်နိုင်ရန် အများပြည်သူ အသုံးပြုရလွယ်ကူသည့် ဘဏ်ရှိရန် လိုအပ်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။ 

#R005

ဗီဒီယိုများ