ကျောက်တော်တွင် တပ်ရေယာဉ်အပါအဝင် ရေယာဉ်(၆)စီး တိုက်ခိုက်ခံရကြောင်း တပ်မတော်ပြော

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တပ်မတော်ရေယာဉ်အပါအဝင် ရေယာဉ် ၆ စီးကို AA က ဒုံးသီးများဖြင့် ယနေ့နိုဝင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က ပြောဆိုသည်။

By ခိုင်ရိုးလ 22 Nov 2019

ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၂၂ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တပ်မတော်ရေယာဉ်အပါအဝင် ရေယာဉ် ၆ စီးကို AA က ဒုံးသီးများဖြင့် ယနေ့နိုဝင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က ပြောဆိုသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့ ကုတန်မြစ်ကူးတံတားစီမံကိန်းအတွက် သဲ၊ ကျောက်၊ သံပေါင်များ တင်ဆောင်လာသည့် ရွှေပြည်တန်၊ တော်ဝင်မင်းသမီး၊ လိုင်ယန် အမည်ရသင်္ဘောသုံးစီးကို တပ်မတော်ကမ်းထိုးရေယာဉ်သုံးစီးက လုံခြုံရေးပေးပြီး အနီးကပ်လိုက်လာရာတွင် ယင်းသို့တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း တပ်မတော်က ပြောသည်။

၎င်းရေယာဉ် ၆ စီးမှာ ကျောက်တော်မြို့နယ် ပီကောက်ဝရွာနားအရောက်တွင် AA က ဒုံးသီး၊ RPG စသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“ပီကောက်ဝနားအရောက်မှာ AA ကနေပြီး RPG နဲ့၊ ဒုံးသီးတွေနဲ့ပစ်တယ်။ အဲဒီမှာ တပ်ကပြန်ပစ်တာ။ ဒေသဖွံ့ဖြိုးရေးအတွက် သယ်ဆောင်လာတဲ့ဟာကို ဒေသဖွံ့ဖြိုးမှုမြန်မြန်တိုးတက်ချင်တာကို မလိုလားလို့လား ပြောချင်တယ်။ ထိခိုက်မှုကိုတော့ မသိဘူး” ဟု ၎င်းကဆိုသည်။

ထိုသို့တိုက်ခိုက်ခံရပြီးနောက် တပ်မတော်ရေယာဉ်ဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ရာတွင် အနီးပတ်ဝန်းကျင်ရှိ ကသစ်တောကျေးရွာအတွင်း ကျရောက်ကာ ကျေးရွာသားနှစ်ဦးကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

“နံနက် ၇ နာရီကျော်လောက်မှာ ဇက်သင်္ဘောပုံစံ ၆ စီး တက်လာတာကိုတွေ့ရတယ်။ တက်လာတော့ ပစ်ခတ်သံတွေကြားတယ်ဆိုတာနဲ့ ရွာသားတွေထွက်ကြည့်ကြသေးတယ်။ အဲဒီမှာ ကျနော်တို့ ရွာတည့်တည့်ကိုရောက်နေတဲ့ နောက်ဆုံးတစ်စီးကပစ်ခတ်တော့ ကျနော်တို့လည်း ရွာထဲကိုဝင်ပြေးကြတယ်။ အဲဒီမှာ ရွာမြောက်ဘက်ပိုင်းက အသက် ၇၀ ခန့်ရှိတဲ့ ဦးထွန်းလှစိန်ထံမှာ ထိတယ်။ ဘယ်ဘက်ခြေသလုံးမှာ ထိသွားတာ။ အရိုးပြတ်သွားပြီး အရေပြားနည်းနည်းပဲကျန်တယ်” ဟု ကသစ်တောကျေးရွာသား တစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်ထိမှန်ခဲ့သူနှစ်ဦးအနက် ဦးထွန်းလှစိန် (၇၀)နှစ်မှာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ရကြောင်း ဒဏ်ရာရရှိသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ဒဏ်ရာပြင်းထန်တယ်။ စိုးရိမ်ရတဲ့အတွက် ကျောက်တော်ကနေ ဖြူစင်မေတ္တာပရဟိတကားနဲ့ စစ်တွေသို့ လာနေပါတယ်။ အသေးစိတ်ကို ပြောမရသေးပါဘူး” ဟု ဦးထွန်းလှစိန်၏ သားဖြစ်သူ ဦးထွန်းလှိုင်က ယနေ့ နေ့လည် ၁၂ နာရီခန့်အချိန်ကပြောသည်။

ယင်းသို့ ကျေးရွာသားများဒဏ်ရာရရှိသွားခြင်းမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ရာတွင် မှန်သွားခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောဆိုသည်။

“အဲဒီမှာ အပြန်အလှန်ပစ်တော့ ဘယ်သူပစ်လို့ မှန်သွားလဲမသိဘူး။ AA ပစ်လို့ မှန်သွားတာဖြစ်မှာပေါ့ ” ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက DMG ကို ပြောသည်။

AA က တိုက်ခိုက်ခဲ့သည်ဆိုသော သင်္ဘောများတွင် တပ်နှင့်ပတ်သက်သည့်ပစ္စည်းများ ပါဝင်ခြင်းမရှိကြောင်းနှင့် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို နောက်ကျအောင် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုသည်။

ယခုကဲ့သို့ တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ညနေပိုင်းအထိ အဆက်အသွယ်မရရှိခဲ့သေးပေ။

ဗီဒီယိုများ