ရခိုင်တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ငွေကျပ် ၅ သိန်းနီးပါး ကုန်ကျမှုရှိနေ

ရခိုင်ပြည်မှ ပြည်ပနိုင်ငံသို့ အလုပ်လုပ်ရန်(သို့) အလည်အပတ်သွားရောက်ရန် မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ကို ပွဲစားများနှင့် ပြုလုပ်ရာတွင် ငွေကျပ် ၅ သိန်းအထိ ကုန်ကျနေရမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

By Admin 21 Mar 2023

ရခိုင်တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ငွေကျပ် ၅ သိန်းနီးပါး ကုန်ကျမှုရှိနေ

DMG ၊ မတ် ၂၁

ရခိုင်ပြည်မှ ပြည်ပနိုင်ငံသို့ အလုပ်လုပ်ရန်(သို့) အလည်အပတ်သွားရောက်ရန် မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ကို ပွဲစားများနှင့် ပြုလုပ်ရာတွင် ငွေကျပ် ၅ သိန်းအထိ ကုန်ကျနေရမှုများရှိနေကြောင်း နိုင်ငံကူးလက်မှတ်စာအုပ် လျှောက်ထားသူများထံမှ စုံစမ်းသိရှိရသည်။

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(စစ်တွေ)တွင် နိုင်ငံကူးလက်မှတ်များအား ပြုလုပ်ပေးလျက်ရှိသော်လည်း လက်ရှိတွင် တိုကင်ထုတ်ဝေပေးမှုများကို ယာယီပိတ်ထားသေးသည့်အတွက် ကိုယ်တိုင်လျှောက်ထား၍ မရသေးကြောင်း သိရသည်။

“တိုကင်ပေးဝေတာကတော့ လက်ရှိမှာ ခေတ္တပိတ်ထားပါတယ်။ ဒါပေမယ့် အရင်တည်းက တိုကင်ရထားတဲ့သူတွေကိုတော့ လက်ရှိမှာ ဖောင်ဖြည့်ရတာတွေ၊ စာအုပ်ထုတ်ဝေပေးတဲ့အပိုင်းတွေ လုပ်ပေးနေပါတယ်။ လာမယ့် လေးလပိုင်း အစောပိုင်းမှာတော့ စာအုပ်ထပ်လုပ်မယ့်သူတွေအတွက် ပြန်ပြီးတိုကင်ပေးဝေမှာပါ” ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(စစ်တွေ)မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ထိုကဲ့သို့ တိုကင်ပေးဝေမှုစနစ်ကို ခေတ္တရပ်နားထားသောကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာပြီး အလုပ်လုပ်ကိုင်မည့်သူများမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် စောင့်ဆိုင်းနေရသည့်အတွက် အခက်အခဲများဖြစ်နေကြကြောင်း သိရသည်။

သို့သော်လည်း လက်ရှိတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး အရှေ့တွင်ရှိသည့် ပွဲစားများဖြင့် နိုင်ငံကူးလက်မှတ်ပြုလုပ်မည်ဆိုလျှင် တိုကင်ခံစရာမလိုဘဲ နိုင်ငံကူးလက်မှတ်ကို တိုက်ရိုက်လျှောက်ထားနိုင်မှုများရှိကြောင်း လက်မှတ်ပြုလုပ်ဖူးသူများ၏ ပြောကြားချက်အရ သိရသည်။ ပွဲစားများဖြင့် လက်မှတ်ပြုလုပ်မည်ဆိုပါက ငွေကျပ် ၃ သိန်းခွဲမှ ၅ သိန်းအထိ ကုန်ကျမှုများရှိနေကြောင်း သိရသည်။

“ကျမကတော့ ပွဲစားနဲ့လာလုပ်တာပါ။ ပွဲစားနဲ့လုပ်ရင် လေးသိန်းပေးရမယ်၊ တိုကင်ခံစရာမလိုဘူး၊ ဖောင် တန်းဖြည့်လို့ရမယ်တဲ့။ ကျမကလည်း နယ်ဝေးကဆိုတော့ အချိန်အများမပေးနိုင်ဘူးလေ။ အရင်အပတ်က ဈေးမေးကြည့်တော့ သုံးသိန်းခွဲ၊ ဒီအပတ်ထဲမှာ ဈေးထပ်မေးကြည့်တော့ လေးသိန်းတောင်းတယ်။ အဲတော့ နောက်လာမယ့် အပတ်တွေမှာဆို ဈေးပိုတက်လာမှာစိုးလို့ အခု လုပ်လိုက်တာပါ” ဟု မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသည့် ကျောက်ဖြူမြို့က မနုနုအေးက ပြောသည်။

ပွဲစားဖြင့် နိုင်ငံကူးလက်မှတ် ပြုလုပ်သည့်အခါတွင်လည်း တိုကင်ခံသည့်အချိန်ကို စောင့်ဆိုင်စရာမလိုခြင်း တစ်ခုသာရှိပြီး ကျန်လုပ်ဆောင်ရမည့်အပိုင်းကို မိမိကိုယ်တိုင်ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်က အခုမှ နိုင်ငံကူးလက်မှတ် ပထမဆုံးစလုပ်တာပါ။ တစ်ခါမှမလုပ်ဖူးတော့ အမှားတွေဘာတွေဖြစ်မှာစိုးလို့ ပွဲစားနဲ့လုပ်လိုက်တာ။ ဘာမှမထူးပါဘူး။ ရုံးဝင်းထဲကို ပွဲစားတွေမဝင်ရတော့ ရုံးထဲမှာဖောင်ဖြည့်ရတာတွေနဲ့ ကျန်တဲ့အပိုင်းတွေကို ကိုယ်တိုင်ပဲလိုက်လုပ်ရတာ။ ပွဲစားတွေနဲ့လုပ်ရင် စာအုပ်လျှောက်ဖို့ တိုကင်ခံရတာတစ်ခုပဲ သက်သာတယ်။ ကျန်တာ အားလုံးကိုယ်တိုင်ပဲ လိုက်လုပ်ရတာပါ” ဟု ပုဏ္ဏားကျွန်းမြို့က ဒေသခံတစ်ဦးက ပြောသည်။

ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့်သူများထဲမှာ မိမိတို့ပိုင်ဆိုင်မှုများကို ပေါင်နှံရောင်းချပြီး နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန် ပြင်ဆင်နေသူများ ပါ၀င်သည့်အတွက် ၎င်းတို့မှာ ပြည်ပသို့ထွက်ခွာရန် အချိန်ကြန့်ကြာနေမှုကြောင့် အခက်ကြုံနေကြရကြောင်း သိရသည်။ 

တိုကင်ထုတ်ဝေပေးမှုအား ယာယီရပ်နားထားရသည့် အကြောင်းနှင့် ပွဲစားများနှင့်ပြုလုပ်ပါက တိုကင်ခံစရာ မလိုရသည့် အကြောင်းအရင်းများအား သိရှိလိုသည့်အတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(စစ်တွေ)မှ တာဝန်ရှိသူထံ DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလာမှုကြောင့် ရခိုင်ဒေသခံများသည် လူမှု၊ စီးပွား၊ ဘဝရပ်တည်နိုင်ရေးအတွက် ပြည်ပနိုင်ငံများသို့ ထွက်ခွာကာ အလုပ်လုပ်ကိုင်မှု များပြားလာနေခြင်းဖြစ်သည်။

#I005

ဗီဒီယိုများ