ရခိုင်တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် တိုကင်ပေးဝေမှုစနစ်ကို ပြန်လည်လုပ်ဆောင်နေပြီ

ရခိုင်ပြည်တွင် နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်မည့်သူများအတွက် တိုကင်ပေးဝေမှုစနစ်ကို ဧပြီလ ၃ ရက်နေ့ကစပြီး ပြန်လည်လုပ်ပေးနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ 

By Admin 04 Apr 2023

ရခိုင်တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် တိုကင်ပေးဝေမှုစနစ်ကို ပြန်လည်လုပ်ဆောင်နေပြီ

DMG ၊ ဧပြီ ၄ 

ရခိုင်ပြည်တွင် နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်မည့်သူများအတွက် တိုကင်ပေးဝေမှုစနစ်ကို ဧပြီလ ၃ ရက်နေ့ကစပြီး ပြန်လည်လုပ်ပေးနေပြီဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(စစ်တွေ)မှ စုံစမ်းသိရှိရသည်။ 

တိုကင်ပေးဝေးမှုစနစ်ကို ပြီးခဲ့သည့် မတ်လအတွင်းကင် ရက်ပေါင်းအတန်ကြာ ယာယီ ရပ်နားထားခြင်းဖြစ်သည်။ ယင်းကာလအတွင်း ပြည်ပနိုင်ငံများသို့ ထွက်ခွာအလုပ်လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်လိုသူများသည် အချိန်ကြန့်ကြာမှုများနှင့် ကြုံတွေခဲ့ကြရသည်။ 

“ပြီးခဲ့တဲ့ ၃ ပိုင်း ရက် ၂၀ ကျော်ထဲက Passport စာအုပ်လုပ်ဖို့ ရုံးကိုလာခဲ့တယ်။ တိုကင်ပေးဝေတာ ယာယီရပ်ထားတယ် ဆိုတဲ့အတွက် တိုကင်ပြန်ပေးမယ့်နေ့ကိုမေးပြီး ဒီနေ့မှရောက်လာတာပါ။ ပွဲစားတွေနဲ့လုပ်ဖို့လည်း မေးကြည့်ခဲ့သေးတယ်။ ဈေးများတော့ တိုကင်ပေးမယ့်အချိန်ထိစောင့်ပြီး ကိုယ်တိုင်လာလုပ်ဖြစ်တာပါ”ဟု ပုဏ္ဏားကျွန်းမြို့မှ နိုင်ငံကူးလက်မှတ်အသစ် လာရောက်လျှောက်ထားသူ ကိုမြတ်မင်းက  DMG ကိုပြောသည်။ 

ပြည်ပနိုင်ငံများသို ထွက်ခွာမည့်သူများထဲမှာ မိမိတို့ပိုင်ဆိုင်မှုများကို ပေါင်နှံရောင်းချပြီး ပြင်ဆင်နေသူများလည်း ပါဝင်နေပြီး ၎င်းတို့အတွက် အချိန်ကြန့်ကြာနေမှုကြောင့် အခက်အခဲတချို့ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ 

ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့်သူများထဲမှာ မိမိတို့ပိုင်ဆိုင်မှုများကို ပေါင်နှံရောင်းချပြီး နိုင်ငံခြားတွင် အလုပ်သွားလုပ်ရန် ပြင်ဆင်နေသူများ ပါ၀င်သည့်အတွက် ၎င်းတို့မှာ ပြည်ပသို့ထွက်ခွာရန် အချိန်ကြန့်ကြာနေမှုကြောင့် အခက်ကြုံနေကြရသည်။ 

တိုကင်ပေးဝေမှုစနစ် ယာယီရပ်နားခဲ့ရခြင်းမှာ နိုင်ငံကူးလက်မှတ် လျှောက်ထားသူများပြားမှုနှင့် ရုံးတွင်း စက်ကိရိယာတစ်ချို့ ချို့ယွင်းမှုကြောင့်ဖြစ်သည်ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(စစ်တွေ)မှ တာဝန်ရှိသူတစ်ဦးက DMG ကို ပြောသည်။ 

လက်ရှိမှာ တိုကင်ပေးဝေမှုစနစ် ပြန်လည်လုပ်ပေးပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ် လျှောက်ထားသူဦးရေမှာ တစ်ရက်လျှင် လူဦးရေ  ၁၀၀ နီးပါးအထိရှိနေကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(စစ်တွေ)မှ သိရသည်။ 

ဧပြီလသည် မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလဖြစ်ပြီး အစိုးရရုံးပိတ်ရက် များပြားသည့်အတွက် နိုင်ငံကူးလက်မှတ်စာအုပ်ရရှိရန် အချိန်နှောင့်နှေးမှုများနှင့် ကြုံတွေ့ရမည်ကို လာရောက်လျှောက်ထားသူများက စိုးရိမ်နေကြသည်။

“ဒီလမှာက အစိုးရရုံးပိတ်ရက်များတယ်။ သင်္ကြန်ကာလဖြစ်တာကိုး။ စာအုပ်လုပ်တာ ပုံမှန် နှစ်ပတ်ကြာမယ့်နေရာမှာ တစ်လကျော်လောက် ကြာသွားမှာကိုတော့ စိုးရိမ်မိတယ်” ဟု အမ်းမြို့မှ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူ မမြတ်နိုးက ပြောသည်။ 

မိမိကိုယ်တိုင် လာရောက်လျှောက်ထားသူများသည် တိုကင်နံပါတ်ရယူနိုင်ရန် နာရီအတန်ကြာ တန်းစီစောင့်ဆိုင်းနေရမှုများ ရှိသော်လည်း ပွဲစားများနှင့် ဆောင်ရွက်မည်ဆိုပါက တိုကင်နံပါတ်ရယူရန် စောင့်ဆိုင်းစရာမလိုအပ်ကြောင်း သိရသည်။ 

ပွဲများဖြင့် နိုင်ငံကူးလက်မှတ်ပြုလုပ်မည်ဆိုပါက ငွေကျပ် ၃ သိန်းခွဲမှ ၅သိန်းအထိ ကုန်ကျမှုများရှိကြောင်း ပွဲစားများဖြင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ဖူးသူများထံမှ စုံစမ်းသိရှိရသည်။ 

ထို့ကြောင့် ဒေသခံပြည်သူများမှာ ငွေကြေးကုန်ကျမှု သက်သာစေရန်အတွက် တိုကင်ယူစနစ်ဖြင့် နိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင်လာရောက်လျှောက်ထားမှု များပြားလာနေခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုများနှင့် အလုပ်အကိုင် အခွင့်အလမ်းများနည်းပါးလာမှုကြောင့် ရခိုင်ဒေသခံများသည် လူမှု၊ စီးပွား၊ ဘဝရပ်တည်နိုင်ရေးအတွက် ပြည်ပနိုင်ငံများသို့ ထွက်ခွာကာ အလုပ်လုပ်ကိုင်မှု များပြားလာနေခြင်းဖြစ်သည်။

#I005

ဗီဒီယိုများ