NUG၊ CRPH တို့နှင့် ဆက်စပ်သည်ဟုဆိုကာ မောင်တောဒေသခံတစ်ဦးကို အမှုဖွင့်ထားကြောင်း စစ်ကောင်စီပြော

“မောင်တောမြို့နယ် (၄)မိုင်ကျေးရွာနေ ဖြိုးမောင်သည် ၎င်းအသုံးပြုသည့် “မောင်တောသားချေ တောသားချေ” Facebook အကောင့်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ဖြူးခြင်းများ ဆောင်ရွက်ခဲ့သည်” ဟု စစ်ကောင်စီကဆိုသည်။

By Admin 04 Feb 2023

NUG၊ CRPH တို့နှင့် ဆက်စပ်သည်ဟုဆိုကာ မောင်တောဒေသခံတစ်ဦးကို အမှုဖွင့်ထားကြောင်း စစ်ကောင်စီပြော

မောင်တောမြို့၊ ၄ မိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး။

DMG ၊ ဖေဖော်ဝါရီ ၄

ရခိုင်ပြည်၊ မောင်တောမြို့၊ ၄ မိုင်ကျေးရွာမှ ဒေသခံတစ်ဦးကို CRPH၊ NUG တို့နှင့် ဆက်စပ်မှုကြောင့် ဖမ်းဆီးအမှုဖွင့်ထားသည်ဟု စစ်ကောင်စီက ထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖော်ပြသည်။

“မောင်တောမြို့နယ် (၄)မိုင်ကျေးရွာနေ ဖြိုးမောင်သည် ၎င်းအသုံးပြုသည့် “မောင်တောသားချေ တောသားချေ” Facebook အကောင့်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ဖြူးခြင်းများ ဆောင်ရွက်ခဲ့သည်” ဟု စစ်ကောင်စီကဆိုသည်။

ကိုဖြိုးမောင်အား ဖမ်းဆီးအမှုဖွင့်လှစ်ထားသည်ဟု စစ်ကောင်စီ၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ၄ မိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးရွှေမောင်က မသိသေးကြောင်းပြောသည်။

“ဖြိုးမောင်ဆိုတာ ကျနော်တို့ကျေးရွာမှာ မရှိပါဘူး။ ရွာကိုလာပြီး လူကိုရှာပြီး ဖမ်းဆီးတာတွေလည်း မရှိသေးပါ။  အထက်က ညွှန်ကြားထားတာတွေလည်း မရှိသေးပါ။ ကျနော် ၄ မိုင်အုပ်စုမှာရှိတဲ့ ကျေးရွာ ၁၂ ရွာကို ဆက်သွယ်စုံစမ်းနေတာ။ ဒါပေမယ့် အဲဒီဖြိုးမောင်ဆိုတဲ့နာမည်ကို ဘယ်သူမှမသိကြဘူး ပြောနေကြတယ်”ဟု ၎င်းက DMG ကိုပြောသည်။

၄ မိုင်ကျေးရွာသားများကလည်း အဆိုပါ ဖြိုးမောင်ဆိုသည့် အမည်နှင့်လူကို မသိကြောင်း ပြောဆိုကြသည်။

အမည်မဖော်လိုသည့် ၄ မိုင်ဒေသခံတစ်ဉီးက “ဖြိုးမောင်ဆိုတဲ့ လူနာမည်ကို ဘယ်သူမှ မကြားဖူးဘူး။ သတင်းစာမှာပါတဲ့ Facebook Account ကိုတောင် ရှာမတွေ့ပါ။ ဒါက စစ်ကောင်စီဘက်က သပ်သပ်စွပ်စွဲတာ။ မတရားမှုတစ်ခုလို့သာမြင်တယ်” ဟု ပြောသည်။

မောင်တောရဲအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ဦးကလည်း အဆိုပါ ဖြိုးမောင်ဆိုသူကို ဖမ်းဆီးရန် ညွှန်ကြားချက်များ တစ်စုံတစ်ရာမရှိသေးကြောင်း DMG ကိုပြောသည်။
CRPH၊ NUG တို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ ပြည်သူအနှောင့်အယှက်ဖြစ်စေမည့် လှုံ့ဆော်ဝါဒဖြန့်မှုများကို ပြုလုပ်ခြင်း၊ ထပ်ဆင့်ဝေမျှခြင်း၊ ကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ- ၁၂၄(က)နှင့် ပုဒ်မ- ၅၀၅(က)၊ အီလက်ထရောနစ်ဥပဒေပုဒ်မ- ၃၃(က)တို့ဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ကလည်း ရခိုင်ပြည်၊ မြောက်ဦးမြို့ခံ ကိုရင်ဆို့(ခ)ကိုကျော်ဇံဝေကို CRPH၊ NUG တို့နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီကဖမ်းဆီးပြီး ပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည်။

#I002

ဗီဒီယိုများ