- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
နွေစပါးကို တိုးချဲ့စိုက်ပျိုးရန် ရခိုင်က စစ်ကောင်စီဝန်ကြီးချုပ် ပြောကြား
ရခိုင်တွင် ရေချိုအလုံအလောက်ရှိသည့်အတွက် တောင်သူများအနေဖြင့် နွေစပါးကို ထပ်တိုးစိုက်ပျိုးမည်ဆိုပါက ရေမြောင်းများကို အများအပြား ဖော်ဆောင်ပေးသွားမည်ဟု ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြောက်ဦးမြို့ရှိ “ပုရိန်”လျှပ်စစ်မြစ်ရေတင်စီမံကိန်းအား လာရောက်ကြည့်ရှုစဉ် ရခိုင်ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။
15 Feb 2023
.jpg)
DMG ၊ ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်အတွင်း လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် နွေးစပါးစိုက်ပျိုးမှုမှာ အောင်မြင်သည့်အတွက် နွေစပါးကို တိုးချဲ့စိုက်ပျိုးကြရန် ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ် ဦးထိန်လင်းက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ရခိုင်တွင် ရေချိုအလုံအလောက်ရှိသည့်အတွက် တောင်သူများအနေဖြင့် နွေစပါးကို ထပ်တိုးစိုက်ပျိုးမည်ဆိုပါက ရေမြောင်းများကို အများအပြား ဖော်ဆောင်ပေးသွားမည်ဟု ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြောက်ဦးမြို့ရှိ “ပုရိန်”လျှပ်စစ်မြစ်ရေတင်စီမံကိန်းအား လာရောက်ကြည့်ရှုစဉ် ရခိုင်ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။
.jpg)
သို့သော်လည်း ရေမြောင်းများကို မည်ကဲ့သို့ ဖော်ဆောင်ပေးသွားမည်ကို တိတိကျကျ ပြောကြားခဲ့ခြင်း မရှိဟု မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လယ်သမား ဦးမောင်ဘသိန်းကပြောသည်။
“စပါးစိုက်ပျိုးမှုအောင်မြင်တဲ့အတွက် ဆက်ပြီးတော့ စိုက်ပျိုးကြဖို့ပြောခဲ့တယ်။ ရေမြောင်းတွေ ကူညီပေးသွားမယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘယ်လိုမျိုးကူညီပေးသွားမယ်၊ ဘယ်အချိန်လဲဆိုတာကို အသေးစိတ် မပြောခဲ့ဘူး။ အဲဒီလောက်ပဲ ပြောခဲ့တယ်။ လယ်သမားတွေဘက်ကလည်း တင်ပြဖို့မရလိုက်ပါဘူး” ဟု ၎င်းကပြောသည်။
မြောက်ဦးမြို့နယ်တွင် လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် ဧက ၁၅၀ တွင် နွေစပါးစိုက်ပျိုးလျက်ရှိပြီး လယ်သမားများမှာ လယ်တစ်ဧကလျှင် ငွေ ၉,၀၀၀ ကျပ်စီ ဆည်မြောင်းနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲရေးဦးစီးဌာနသို့ ရေအခွန်အဖြစ် ပေးဆောင်ရကြောင်း သိရသည်။
နွေစပါး တိုးချဲ့စိုက်ပျိုးရန်အတွက် ရေမြောင်းများကိုတူးဖော်ကာ အခိုင်အမာပြုလုပ်ပေးရန် လိုအပ်နေပြီး ယင်းကိစ္စကို ရခိုင်ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ်ထံ တင်ပြခွင့်မရရှိခဲ့ကြောင်းလည်း လယ်သမားများက ပြောသည်။
မြောက်ဦးမြို့နယ်၊ ကျောက်တွင်းကုန်းကျေးရွာမှ ဦးမောင်ရွှေက “ရေအခက်အခက်အခဲကြောင့် ဒီနှစ် နွေစပါး မစိုက်ပျိုးလိုက်တော့ဘူး။ ကျနော်တို့ဘက်မှာက မြေသားလည်းကောင်းတယ်။ မနှစ်ကဆိုရင် တစ်ဧကမှာ တင်း ၁၀၀ ထွက်တယ်။ ဒီနှစ်မှာ နွေစပါးစိုက်ချင်ခဲ့ပေမယ့် ရေအခက်အခဲကြောင့် မစိုက်ပျိုးလိုက်ရဘူး။ ရေဆင်းမြောင်းကို အခိုင်အမာလုပ်ပေးဖို့ လိုပါတယ်။ မြေသားနဲ့ဆိုတော့ မြောင်းကျိုးပဲ့သွားတာတွေ ဖြစ်ရတယ်” ဟု ပြောသည်။
လက်ရှိ အသုံးပြုလျက်ရှိသည့် ရေမြောင်းမှာ အကျယ်အဝန်း ဧက ၂၀၀ သာရှိပြီး မြေသားမြောင်းဖြစ်သည့်အတွက် ရေတင်သည့်အခါ အခက်အခဲကြုံတွေ့နေရကြောင်း လယ်သမားများထံမှ သိရသည်။
မြောက်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဝန်ကြီးချုပ်ကတော့ လယ်သမားတွေကို လယ်ယာ တိုးချဲ့စိုက်ပျိုးနိုင်ဖို့နဲ့ လယ်သမားတွေကို ဒီထက်ပိုပြီး အထွက်နှုန်းတိုးအောင် နည်းပညာတွေကူညီဖို့ ပြောကြားခဲ့တယ်။ မြောင်းလက်တက်တွေကို ပြုပြင်ပေးဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။ ဒီဟာတွေကိုတော့ နောက်နှစ်ဘက်ဂျက်မှာ အကောင်ထည်ဖော်မယ်ထင်ပါတယ်”ဟု ပြောသည်။
လက်ရှိ နွေစပါးစိုက်ပျိုးနေသည့် လယ်သမားများအတွက် ဓာတ်မြေဩဇာတစ်အိတ်ကို ငွေကျပ် ၄ သောင်းကျော်နှင့် တစ်ဧကလျှင် နှစ်အိတ်ကျစီ ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရောင်းချပေးလျက်ရှိသည်။
ရခိုင်ပြည်အတွင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား စသည့်မြို့နယ်များတွင် နွေစပါးကို အဓိကစိုက်ပျိုးကြသည်။ ယခုနှစ်တွင် နွေစပါးစိုက်ပျိုးမှု ၁,၅၄၅ ဧကရှိပြီး ဆည်ရေသွင်းစနစ်၊ လျှပ်စစ်မြစ်ရေတင်စနစ်၊ သဘာဝရေဝင်စနစ်၊ စက်ရေတင်ရေသွင်းစနစ် စသည့်နည်းမျိုးစုံဖြင့် စိုက်ပျိုးလျက်ရှိကြသည်။
ရခိုင်ပြည်တွင် စပါးစိုက်ဧက ၁၁ သိန်းကျော်ရှိပြီး ယင်းအထဲတွင် သီးထပ်စိုက်ပျိုးမှုမှာ ၃၀ ရာခိုင်နှုန်းသာရှိနေသေးကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရသိရသည်။
#R010