နယ်စပ်တွင်ချိတ်ပိတ်ခံရသည့် ကုန်စည်များကိစ္စ တရုတ်ကုမ္ပဏီကို မြန်မာကုန်သည်များ တရားစွဲမည်

တရုတ် - မြန်မာ နယ်စပ်တွင် ချိတ်ပိတ်ခံထားရသည့် နှမ်းနှင့်ပဲမျိုးစုံအပါအဝင် လယ်ယာထွက်သီးနှံတန်ချိန် တစ်သောင်းကျော် ပြန်လည်ရရှိရေးအတွက် မြန်မာကုန်သည်များက တရုတ်ကုမ္ပဏီကို တရားစွဲဆိုသွားမည်ဖြစ်သည်။

By Admin 04 Jul 2023

တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်။ ဓာတ်ပုံ - Myanmar Logistics Guide
တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်။ ဓာတ်ပုံ - Myanmar Logistics Guide

DMG ၊ ဇူလိုင် ၄

တရုတ် - မြန်မာ နယ်စပ်တွင် ချိတ်ပိတ်ခံထားရသည့် နှမ်းနှင့်ပဲမျိုးစုံအပါအဝင် လယ်ယာထွက်သီးနှံတန်ချိန် တစ်သောင်းကျော် ပြန်လည်ရရှိရေးအတွက် မြန်မာကုန်သည်များက တရုတ်ကုမ္ပဏီကို တရားစွဲဆိုသွားမည်ဟု သတင်းရရှိသည်။

အဆိုပါသီးနှံများအား တရုတ်အစိုးရဘက်က ဇွန်လ ၁၄ ရက်နေ့တွင် လေလံတင်ရောင်းချခဲ့ပြီး ငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားခြင်း မရှိသေးပေ။

“ကျနော်တို့က တရုတ်ဘက်ကို မှန်မှန်ကန်ကန်တင်ပို့ခဲ့တဲ့အတွက် ကြားကနေဆောင်ရွက်ပေးတဲ့ တရုတ်အကျိုးဆောင်ကုမ္ပဏီကို တရားစွဲဆိုသွားမှာပါ။ တရုတ်အစိုးရက လေလံပစ်လိုက်တယ် ဆိုပေမယ့် နိုင်ငံတော်ဘဏ္ဍာအဖြစ် မသိမ်းဆည်းသေးပါဘူး” ဟု ပဲကုန်သည် ဦးဇော်ခိုင်မြင့်က ပြောသည်။

အခွန်ရှောင်သည်ဟူသော အကြောင်းပြချက်ဖြင့် နယ်စပ်တွင်ရှိနေသည့် တရုတ်ကုန်သည်များကို တရုတ်အကောက်ခွန်ဝန်ကြီးဌာနက ဧပြီလ ၂၄ ရက်နေ့က ဖမ်းဆီးစစ်ဆေးရာတွင် တရုတ်နိုင်ငံသားများပိုင် ဝမ်တိန်ဂိုဒေါင်တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများပိုင် ကုန်ပစ္စည်းများလည်း ပါဝင်သွားသည်။

အဆိုပါကုန်ပစ္စည်းများ၏ တန်ချိန်သည် တစ်သောင်းကျော်ရှိပြီး ကာလပေါက်ဈေးဖြင့် ၃ ဘီလီယံကျော် တန်ဖိုးရှိကာ မန္တလေးမြို့မှ ကုန်သည် ၂၉ ဦး ပိုင်ဆိုင်သော ကုန်ပစ္စည်းများဖြစ်သည်။

“တရုတ်အစိုးရက တရုတ်အကျိုးဆောင်ကုမ္ပဏီတွေကို ဖမ်းဆီးစစ်ဆေးပေမယ့် ပြန်လွှတ်လိုက်ပါတယ်။ ပဲနှမ်းတွေ ချိတ်ပိတ်လိုက်ပေမယ့်လည်း အဲဒီကုန်သည်တွေကို တရားမစွဲဆိုသေးတဲ့အတွက် မြန်မာဘက်က ပြန်ရနိုင်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းဌေးက ပြောသည်။

အဆိုပါပစ္စည်းများ ပြန်လည်ရရှိရေးအတွက် မန္တလေးကုန်စည်ဒိုင်၊ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဝန်ကြီးချူပ်၊ မန္တလေးတိုင်းဝန်ကြီးချူပ်၊ တရုတ်ကောင်စစ်ဝန်ရုံးတို့ထံ အဆင့်ဆင့် စာပို့ထားကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ပဲနှမ်းတင်ပို့သည် ကုန်သည်များသည် မြန်မာနိုင်ငံ စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် အခွန်ဆောင်သည့်အပြင် နယ်စပ်ဂိတ်ဖြတ်ရေးအတွက် တရုတ်အစိုးရ၏ ဝမ်တိန် နယ်စပ်ဂိတ်တွင်လည်း အခွန်ဆောင်ကာ လုပ်ဆောင်နေခြင်းဖြစ်သည်။

ချိတ်ပိတ်ခံရသည့် ကုန်ပစ္စည်းများမှာလည်း ထိုသို့အခွန်ဆောင်ပြီးမှ တရုတ်နယ်စပ် ဝမ်တိန်ဂိတ်ဂိုဒေါင်တွင် ရောက်ရှိလာသည့် ပစ္စည်းများဖြစ်သည်ဟု မန္တလေးကုန်သည်များက ပြောဆိုထားကြသည်။

#I004

ဗီဒီယိုများ