ပေါက်တောမြို့တွင် လမ်းကျဉ်းသဖြင့် တစ်လမ်းမောင်းစနစ် ကျင့်သုံးမည်

ရခိုင်ပြည်၊ ပေါက်တောမြို့တွင် လမ်းဧရိယာများ ကျဉ်းမြောင်းသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်ပေါ်နေမှုကို ဖြေရှင်းရန် တစ်လမ်းမောင်းစနစ် စတင်တော့မည်ဟု သိရသည်။

By Admin 23 Apr 2023

ပေါက်တောမြို့တွင် တစ်လမ်းမောင်းစနစ်ကျင့်သုံးရန် အာဏာပိုင်များက ကွင်းဆင်းဆောင်ရွက်နေမှု။ ဓာတ်ပုံ - MNP
ပေါက်တောမြို့တွင် တစ်လမ်းမောင်းစနစ်ကျင့်သုံးရန် အာဏာပိုင်များက ကွင်းဆင်းဆောင်ရွက်နေမှု။ ဓာတ်ပုံ - MNP

DMG ၊ ဧပြီ ၂၃

ရခိုင်ပြည်၊ ပေါက်တောမြို့တွင် လမ်းဧရိယာများ ကျဉ်းမြောင်းသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်ပေါ်နေမှုကို ဖြေရှင်းရန် တစ်လမ်းမောင်းစနစ် စတင်တော့မည်ဟု သိရသည်။

ပြည်သူများအနေဖြင့်လည်း တစ်လမ်းမောင်းစနစ်ကို မလိုက်နာပါက အရေးယူသွားမည်ဟု ဧပြီလ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှတစ်ဆင့် စစ်ကောင်စီက ကြေညာလိုက်သည်။

“စည်းကမ်းမဲ့ယာဉ်များ မောင်းနှင်ခြင်းကြောင့် မလိုလားအပ်သော ပြဿနာများ မပေါ်ပေါက်စေရန်အတွက် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကာ လိုက်နာမှုမရှိသူများအား အရေးယူမည်” ဟု သတင်းစာတွင် ပါရှိသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်ပြီး ပြည်သူများအား အသိပညာပေးခြင်းများကို အပတ်စဉ် ရက်သတ္တပတ်လျှင် ၃ ရက်စီ ပြုလုပ်သွားမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ရာတွင် ပြည်သူများ၏ ပူးပေါင်းလိုက်နာမှုလည်း များစွာလိုအပ်သည်ဟု ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးက DMG သို့ ပြောသည်။

“တစ်ပတ်မှာ သုံးရက်‌လောက်စီ လုပ်နေပါတယ်။ ဘယ်လောက်ကြာအထိ လုပ်သွားမယ်ဆိုတာကတော့ ပြောပြလို့ မရသေးဘူး။ ဒါကတော့ ပြည်သူတွေ ပူးပေါင်းကြတဲ့အပေါ်မှာ မူတည်ပြီးတော့ ကြာရင်ကြာမယ်၊ မြန်ရင်လည်းမြန်မယ်ပေါ့” ဟု ၎င်းက ပြောသည်။

ပေါက်တောမြို့တွင် ဗိုလ်ချင်းပျံလမ်း၊ ရွှေပန်းထိမ်လမ်း၊ ဗိုလ်ချင်းပျံလမ်းသွယ်၊ အဏ္ဏဝါသီရိလမ်း၊ ပြန်/ဆက်ရုံးလမ်းကြားနှင့် စောပြည့်ညိုလမ်း တို့ကို ယခင်ကပင် တစ်လမ်းမောင်းစနစ် ပြုလုပ်ထားသော်လည်း လမ်းကျဉ်းမှု၊ စည်းကမ်းလိုက်နာခြင်း အားနည်းမှုတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ရှိနေဆဲဖြစ်သည်။

“ယာဉ်ပိတ်ဆို့မှုက အကြီးအကျယ်ဖြစ်တယ်။ လမ်းကျဉ်းလို့ အဓိက ဖြစ်တာ။ တစ်လမ်းမောင်းစနစ်က မနှစ်ကတည်းက ရှိတာ။ လမ်းက မြို့အင်္ဂါရပ်နဲ့ မညီဘူး။ လမ်းမကြီးက ပေ ၂၀ လောက်ပဲ ရှိတယ်။ ကားနှစ်စီးမောင်းသွားနေရင် နောက်ထပ်ယာဉ်တွေ သွားလို့မရတော့ဘူး။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကိုလည်း မလိုက်နာကြဘူး။ ကားမောင်းတဲ့သူတွေဆိုရင်လည်း လမ်းဘေးတွေမှာ ထိုးရပ်ထားကြတယ်” ဟု ပေါက်တောမြို့မှ ကိုကျော်ကျော်ခိုင်က ပြောသည်။

ပေါက်တောမြို့ လမ်းဧရိယာများမှာ ကျဉ်းမြောင်းသည့်အတွက် တစ်လမ်းမောင်းစနစ်ဖြင့် သွားလာရခြင်းမှာ အဆင်ပြေကြောင်း ဒေသခံများက ပြောဆိုကြသည်။ သို့သော်လည်း တစ်လမ်းမောင်စနစ်ကို ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့အတွက် သက်ဆိုင်ရာအာဏာပိုင်များက အထူးကြပ်မတ်ပေးဖို့ လိုအပ်ကြောင်း ထောက်ပြမှုများ ရှိနေသည်။

“အာဏာပိုင်တွေက မနက်ပိုင်း လမ်းပေါ်မှာ ကြပ်မတ်ပေးနေရင် အဲဒီအချိန်တော့ စည်းကမ်းနဲ့သွားကြတယ်။ အာဏာပိုင်တွေ မရှိတော့ရင် ဖြစ်ကတတ်ဆန်း သွားကြတယ်” ဟု ပေါက်တောမြို့မှ အိန္ဒိယသုံးဘီးယာဉ်မောင်းသူ ကိုရန်လင်းစိုးက ပြောသည်။

တစ်လမ်းမောင်စနစ်ကိုသာ စည်းကမ်းတကျ ထိရောက်စွာလုပ်ဆောင်နိုင်ပါက ပေါက်တောမြို့၏ ယာဉ်ကြောပိတ်ဆို့မှုများ လျော့ကျလာနိုင်သည်ဟု ဒေသခံများက ယုံကြည်နေကြသည်။

ပေါက်တောမြို့၏ မြို့ဧရိယာမှာ စတုရန်းမိုင် ၀.၁၄ ရှိပြီး ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြို့နေလူဦး‌ရေ ၁၉,၁၅၇ ဦးရှိကြောင်း သိရသည်။

#R005

ဗီဒီယိုများ