ရခိုင်က စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှု တင်းကျပ်လာ

ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြသော စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ အပစ်ရပ်စဲခဲ့သည်မှာ လာမည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တစ်နှစ်ပြည့်မြောက်တော့မည် ဖြစ်သည်။

By Admin 24 Oct 2023

စစ်တွေမြို့နယ်ရှိ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှ ကျောက်တန်းစစ်ဆေးရေးဂိတ်ကို ၂၀၂၃ မေလ ၉ ရက်နေ့က တွေ့ရစဉ်။
စစ်တွေမြို့နယ်ရှိ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှ ကျောက်တန်းစစ်ဆေးရေးဂိတ်ကို ၂၀၂၃ မေလ ၉ ရက်နေ့က တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြသော စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ အပစ်ရပ်စဲခဲ့သည်မှာ လာမည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တစ်နှစ်ပြည့်မြောက်တော့မည် ဖြစ်သည်။

အပစ်ရပ်စဲပြီးနောက် စစ်တွေ-ရန်ကုန် ကားလမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များတွင် ခရီးသွားယာဉ်များအား စစ်ဆေးမှုကို စစ်ကောင်စီတပ်က အနည်းငယ် ဖြေလျော့ပေးခဲ့သည်။ သို့သော် ယခုရက်ပိုင်းအတွင်း စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုတင်းကျပ်လာနေသည်ဟု ဒေသခံများကပြောသည်။

စစ်တွေမြို့နယ်၊ ကျောက်တန်းကျေးရွာအနီးက ကျောက်တန်းစစ်ဆေးဂိတ်သည် စစ်တပ်၊ ရဲနှင့် လ.ဝ.က စသည့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခုဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ခရီးသည်များနှင့် ကားပေါ်လာသည့် ကုန်ပစ္စည်းအိတ်များကို ရှာဖွေစစ်ဆေးမှုများ တင်းကျပ်စွာလုပ်ဆောင်လာနေသည်ဟု ခရီးသည်တင်ယာဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းများကပြောသည်။

“ခရီးသည်တွေရဲ့ မှတ်ပုံတင်တွေကိုစစ်တယ်။ နောက်ပြီးတော့ ဝန်ထုပ်တွေကိုလည်း ဖွင့်ပြီးတော့ စစ်ဆေးတာရှိတယ်” ဟု စစ်တွေ-ကျောက်တော်ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် အချိန်ကြာမြင့်စွာစစ်ဆေးမှုကြောင့် အောက်တိုဘာ ၂၀ ရက် ညအချိန်တွင် အရေးပေါ်မွေးလူနာတစ်ဦး သေဆုံးခဲ့ရမှုအပေါ် ဒေသခံများအကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။

စစ်တွေမြို့နယ်၊ ကြွီတဲပိုက်ဆိပ်ကျေးရွာမှ အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး မခင်ခင်လင်းမှာ အရေးပေါ်လူနာအဖြစ် စစ်တွေဆေးရုံကြီးသို့လာစဉ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် အချိန်ကြာမြင့်စွာ စစ်ဆေးခံခဲ့ရသည်ဟု ခင်ပွန်းဖြစ်သူ ကိုမောင်ဇော်လင်းက ပြောသည်။

ကြွီတဲပိုက်ဆိပ်ကျေးရွာမှ ည ၁၀ နာရီခန့်တွင် အရေးပေါ်လူနာကို ကားဖြင့်တင်ဆောင်လာပြီး လမ်းခုလတ်တွင် အစစ်ဆေးခံရကာ ည ၁၁ နာရီကျော်တွင် စစ်တွေဆေးရုံကြီးသို့ ရောက်ရှိခဲ့သည်ဟု ကိုမောင်ဇော်လင်းက ဆက်ပြောသည်။ အဆိုပါခရီးမှာ ကားဖြင့်သွားလျှင် မိနစ် ၃၀ ခန့်သာ ကြာမြင့်နိုင်သည်။

“သူတို့ (စစ်ကောင်စီ) စစ်တာက မိနစ် ၄၀ လောက်ကြာတယ်။ ကားမှာပါလာတဲ့ လူတွေကို အကုန်လုံးစစ်တယ်။ သူတို့ပြောတာက အထက်ကိုတင်ပြရတယ်။ အထက်က ခွင့်ပြုမှသွားရမယ်ပြောတယ်။ လူနာက ကျန်မာရေးမကောင်း ဆိုတာကို သူတို့လည်းမြင်တာပဲ။ စစ်ဆေးရေးဂိတ်တွေက လွတ်လပ်စွာသွားလာခွင့် ပေးစေချင်တယ်။ ကျနော့် အမျိုးသမီးလို နောက်ထပ်လူတွေကို မဖြစ်စေချင်ဘူး” ဟု ကိုမောင်ဇော်လင်းက ပြောသည်။

ရခိုင်ပြည်အတွင်းတွင် စစ်တွေမြို့နယ်မှ အမ်းမြို့နယ်အထိ စစ်တွေ တပ်ထိန်းဂိတ်၊ ကျောက်တန်းဂိတ်၊ ကျောက် တော် တပ်ထိန်းဂိတ်၊ မြောက်ဦး ၅၄၀ တပ်ရင်း စစ်ဆေးရေးဂိတ်နှင့် ၃၇၁၊ ၃၇၂၊ ၃၇၃ တပ်ရင်း စသည့် စစ်ကောင်စီတပ်မှ ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များ အသီးသီးရှိကြသည်။

ထိုသို့စစ်ဆေးရေးဂိတ်များတွင် အချိန်ကြာမြင့်စွာ စစ်ဆေးမှုများကြောင့် လူမှုကူညီရေးလုပ်ဆောင်နေသူများအတွက်လည်း အခက်အခဲဖြစ်ရကြောင်း ဆိုသည်။

“ညအချိန် လူနာတွေကိုကူညီရတဲ့အခါ အခက်အခဲတွေရှိပါတယ်။ စစ်ဆေးရေးဂိတ်တွေက လူစာရင်းတွေ စစ်ဆေးတာရှိတယ်။ အရေးပေါ်လူနာတွေဆိုရင် အသက်သေဆုံးသွားတဲ့ သူတွေလည်းရှိတယ်။ လူအသက်ကို ကယ်တဲ့အနေနဲ့ ဒါတွေကိုဖြေလျော့ပေးဖို့ ကျနော်တို့ကတော့ တောင်းဆိုချင်တယ်” ဟု ရခိုင်အခြေစိုက် လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့ စစ်ဆေးရေးဂိတ်များတွင် တင်းကျပ်စွာစစ်ဆေးမှုများရှိလာကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ဗီဒီယိုများ