- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
မုန်တိုင်းရှိ၍ ပေါက်တောနှင့် မြေပုံ ဒေသခံ ၃,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းအန္တရာယ်ကို ကြိုတင် ကာကွယ်သည့်အနေဖြင့် ပေါက်တောနှင့် မြေပုံမြို့နယ်ရှိ ပင်လယ်ကမ်းစပ်အနီး ကျေးရွာကိုးရွာမှ ဒေသခံ ၃,၄၀၀ ခန့်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။
10 May 2023

DMG ၊ မေ ၁၀
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းအန္တရာယ်ကို ကြိုတင် ကာကွယ်သည့်အနေဖြင့် ပေါက်တောနှင့် မြေပုံမြို့နယ်ရှိ ပင်လယ်ကမ်းစပ်အနီး ကျေးရွာကိုးရွာမှ ဒေသခံ ၃,၄၀၀ ခန့်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။
ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာဒေသခံ ၂,၀၀၀ ခန့်အပါအဝင် ငပြီကျွန်းရှိ သရက်တော၊ အလယ်ရွာနှင့် ရွာမကျေးရွာတို့မှ ဒေသခံ ၄၀၀ ကျော်မှာ မြို့ပေါ်၊ နီးစပ်ရာကျေးရွာနှင့် စစ်တွေမြို့သို့ တိမ်းရှောင်နေကြပြီး၊ မြေပုံမြို့နယ် ငမန်းရဲကြီး၊ လွန်းလုံပိုက်၊ တွင်းငခူချောင်း၊ ညောင်တော၊ ရေပုတ်ချောင်း၊ မြောက်ကြိမ်အောင်မြေကုန်း ကျေးရွာတို့မှ ဒေသခံ ၁,၀၀၀ ကျော်ခန့်မှာလည်း မြို့ပေါ်နှင့် မင်းပြားမြို့နယ်က ကျေးရွာများသို့ တိမ်းရှောင်နေကြသည်။
သဲခုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်လှဦးက “မုန်တိုင်းရှိတာကြောင့် ရွာသားတွေက စစ်တွေမြို့နဲ့ ရွာအနီးကကျေးရွာတွေမှာ တိမ်းနေကြတာတွေရှိတယ်။ ရွာမှာတော့ သိပ်မရှိကြတော့ဘူး။ ရွာမှာကျန်ခဲ့တဲ့ လူဦးရေအနည်းစုကလည်း ဘေးလွတ်ရာတွေကို သွားဖို့ ပြင်ဆင်နေကြပြီ” ဟု ပြောသည်။
ဘင်္ဂလားပင်လယ်အော်အတွင်း တည်ရှိသော သဲခုံကျေးရွာတွင် အိမ်ခြေ ၃၅၀ ခန့်နှင့် လူဦးရေ ၂,၀၀၀ ကျော်ရှိပြီး မုန်တိုင်းဒဏ်ကြောင့် ကမ်းပါးပြိုကျခြင်း၊ နေအိမ်ပျက်စီးခြင်းများကို နှစ်စဉ်တွေ့ကြုံနေရသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက တိုက်ခတ်ခဲ့သည့် မုန်းတိုင်းဒဏ်ကြောင့် ကျေးရွာအတွင်း ပင်လယ်ရေ ၃ ပေကျော်အထိ မြင့်တက်ခဲ့ပြီး နေအိမ် ၆၀ ခန့် ပျက်စီးသွားခဲ့သည်။
ငပြီကျွန်း၊ သရက်တောကျေးရွာမှ တိမ်းရှောင်လာသူ ကိုဦးလှထွန်းက “မုန်တိုင်းရှိတာကြောင့် ကျနော်တို့ကျွန်းမှာရှိတဲ့ ရွာသုံးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်လာကြတာပါ။ ကြိမ်ခွေမော်ကျေးရွာကိုတော့ လူ ၃၀၀ ကျော်ပါတယ်။ တခြား စစ်တွေနဲ့ နီးစပ်ရာကျေးရွာတွေကိုလည်း လူ ၁၀၀ ကျော်လောက် တိမ်းရှောင်သွားကြတယ်။ ရွာတွေမှာတော့ ယောက်ျားအနည်းငယ်လောက်ပဲ ကျန်ခဲ့တော့တယ်” ဟု ပြောသည်။
မုန်တိုင်းအန္တရာယ် တိမ်းရှောင်လာသူများမှာ တိမ်းရှောင်စဉ်ကာလအတွင်း စားသောက်ရန်အတွက် စားနပ်ရိက္ခာများကို သယ်ဆောင်လာကြပြီး ရိက္ခာမပါလာသူများလည်းရှိကြောင်း သိရသည်။
မြေပုံမြို့နယ်၊ င/မန်းရဲကျေးရွာမှ မင်းပြားမြို့နယ်၊ ရန်တိုင်ကျေးရွာသို့ မုန်တိုင်းရှောင်လာသည့် မဖြူဖြူက “ကျမတို့ရွာကလူတွေ အကုန်လုံးရှောင်လာကြပြီ။ ရိက္ခာတွေကတော့ ပါလာတဲ့သူတွေမှာပါတယ်။ မပါတဲ့သူတွေလည်း မပါကြဘူး။ အခုတော့ ဖြစ်သလို စားသောက်နေကြရတယ်။ ကျေးရွာကတော့ လူဦးရေစာရင်းကောက်ယူနေပြီး ရိက္ခာထောက်ပံ့မှုတွေပြုလုပ်ဖို့ စီစဉ်နေတာတွေရှိတယ်လို့ ကြားတယ်” ဟု ပြောသည်။
မြေပုံမြိုနယ်က ငမန်းရဲကြီး၊ လွန်းလုံပိုက်၊ တွင်းငခူချောင်း၊ ညောင်တော၊ ရေပုတ်ချောင်းနှင့် မြောက်ကြိမ် အောင်မြေကုန်း ကျေးရွာတို့မှ ဒေသခံ ၁,၀၀၀ ကျော်မှာ မင်းပြားမြို့နယ် ရန်တိုင်၊ ကျောက်ခေါင်၊ ဆင်အင်း၊ ပြိုင်းတောကျေးရွာတို့တွင် တိမ်းရှောင်နေကြခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသည့် မုန်းတိုင်မှာ ရခိုင်ဒေသသို့ ဝင်ရောက်လာမည်ဆိုပါက ကြိုတင်ပြင်ဆင်မှုအနေဖြင့် ရခိုင်ပြည် မြို့နယ် ၁၇ ခုလုံးတွင် ကယ်ဆယ်ရှာဖွေရေး၊ အဆောက်အအုံနှင့် စားနပ်ရိက္ခာ၊ သောက်သုံးရေများကို စီစဉ်ထားသည်ဟု ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က ပြောသည်။
“မုန်တိုင်းရှိတယ်ဆိုကတည်းက မြို့နယ် ၁၇ ခုလုံးမှာ ကယ်ဆယ်ရေး၊ ရှာဖွေရေးနဲ့ ရိက္ခာပစ္စည်းတွေကအစ စုဖွဲ့ပြီးဖြစ်တယ်။ တကယ်လို့ဖြစ်လာခဲ့ရင် ရေချိုရေသန့်တွေကိုလည်း မီးသတ်ကားတွေမှာ ဖြည့်ထားပြီးဖြစ်တယ်။ နောက် စင်တာတွေ၊ ဘေးလွတ်ရာဒေသ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေကအစ ပြင်ဆင်ထားပြီးဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်အတွင်းက ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ စစ်တွေ၊ ပေါက်တောနှင့် ဂွမြို့တို့တွင် မုန်တိုင်းအတွင်း ဘေးဒဏ်နားခိုရန် အဆောက်အအုံ ၅၄ လုံး တည်ဆောက်ထားပြီး တည်ဆောက်ဆဲ ၆ လုံးရှိသည်။ အရေးပေါ်ကယ်ဆယ်ရေးအတွက် ဖိုင်ဘာစက်လှေ ၃၃ စင်းနှင့် အသက်ကယ် အင်္ကျီ ၅,၀၀၀ ကျော်အပြင် အိမ်ထောင်စု ၉,၀၀၀ ခန့်အတွက် ထောက်ပံ့မည့်ပစ္စည်းများ အသင့်ရှိနေပြီဟု မေလ ၈ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်သည် ယနေ့ မေလ ၁၀ ရက်နေ့ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့လည်းကောင်း၊ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီဌာန၏ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါမုန်တိုင်းသည် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့လည်း ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
#I006