ပုလောတွင် လက်နက်ကြီး ကျရောက်မှုကြောင့် ဒေသခံ ၄ ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက လက် နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရရှိကာ နေအိမ်နှစ်လုံး ပျက်စီးသွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

By Admin 10 Dec 2022

ပုလောတွင် လက်နက်ကြီး ကျရောက်မှုကြောင့် ဒေသခံ ၄ ဦးဒဏ်ရာရ

ပုလောမြို့နယ်ခန်းမကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG | ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက လက် နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရရှိကာ နေအိမ်နှစ်လုံး ပျက်စီးသွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

ဒဏ်ရာရရှိသူများမှာ လက္ကူးကျေးရွာမှ အသက် (၅၀) ကျော်အရွယ် ဦးစုကမ်းငယ်နှင့် ဇနီးဖြစ်သူ အသက် (၄၆)အရွယ် ဒေါ်မဘဲဥတို့မှာ ဦးခေါင်းနှင့် ခြေလက်တို့တွင် ဒဏ်ရာရှိသွားပြီး အသက်(၅၀) အရွယ် ဦးနောင်နီ၊ ဦးဖိုးဝတို့မှာ ခြေထောက်တို့တွင် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ပုလောမြို့အနီးတွင် ယမန်နေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် KNDO ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ယင်းသို့ ထိခိုက်ဒဏ်ရာရ ရှိသွားခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်အဖော်လိုသည့် လက္ကူးကျေးရွာသားတစ်ဦး က ပြောသည်။

“တိုက်ပွဲ ဖြစ်နေတုန်းလက်နက်ကြီးနဲ့ ရမ်းပစ်ရင်း ထိသွားတယ်။ လက်နက်ကြီးနဲ့ လှမ်းပစ်တာ အချက်ရေ ၂၀ ကျော်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ ကျေးရွာသားက ပြောသည်။

လက်ရှိတွင် လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရှိသွားသူ ၄ ဦးကို ပုလောဆေးရုံသို့ ပို့ဆောင်ထားပြီး ယင်းအထဲမှ ဦးစုကမ်းနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မဘဲဥတို့မှာ ဒဏ်ရာအခြေအနေပြင်းထန်သဖြင် စိုးရိမ်ရကြောင်း သိရသည်။

“ဦးခေါင်းထိမှန် ခံရတဲ့ သူတွေရဲ့ အခြေအနေက စိုးရိမ်ရတယ်။ အခုအထိ သတိမရသေးဘူး ဖြစ်နေတယ် ” ဟု လက္ကူးကျေးရွာ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုလောမြို့အဝင်အနီး စစ်ကောင်စီ ခလရတပ်ရင်း (၂၈၅) အဝင် ဂိတ်ဗုံးခွဲခံရမှု၊ မြို့နယ်ခန်းမ လုံခြုံရေး ရဲကင်းစခန်း ပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအပြန်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီတပ်က ပုလောမြို့အနီးတွင် လက်ရှိအချိန်ထိ တပ်အင်အား အများအပြားနှင့် နေရာယူကာ စစ်ဆေးရေးတင်းကြပ်စွာ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပုလောကုန်း၊ တောင်ယာကမ်း၊ လှည်းကျွန်းဝ၊ နန်းတောင်၊ ဝက်တိုး၊ တောင်ပုလဲနှင့် ဂျက်ကာ၊ မှော်မိ၊ စစ်ပြင် စသည့် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNDO ပူးပေါင်းအဖွဲ့တို့ကြား လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေး တင်းမာနေသည့်အတွက် ဒေသခံများအနေဖြင့် သတိထားသွားလာကြရန် KNDF ပူးပေါင်း အဖွဲ့က သတိပေးထားသည်။

ဗီဒီယိုများ