ပလက်ဝက နေရပ်ပြန် စစ်ဘေးရှောင်အချို့ စားဝတ်နေရေးအဆင်မပြေ၍ မြို့ပေါ်သို့ ပြန်လာ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာသို့ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်အများအပြားမှာ ကျေးရွာ၌ လုပ်ကိုင်စားသောက်ရန် အဆင်မပြေမှုကြောင့် စားဝတ်နေရေးအခက်အခဲရှိလာ၍ ပလက်ဝမြို့ပေါ်သို့ ပြန်လာမှုများရှိနေသည်။

By Admin 30 Mar 2023

ဓာတ်ပုံ - ချင်းဝေါလ်
ဓာတ်ပုံ - ချင်းဝေါလ်

DMG ၊ မတ် ၃၀

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာသို့ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်အများအပြားမှာ ကျေးရွာ၌ လုပ်ကိုင်စားသောက်ရန် အဆင်မပြေမှုကြောင့် စားဝတ်နေရေးအခက်အခဲရှိလာ၍ ပလက်ဝမြို့ပေါ်သို့ ပြန်လာမှုများရှိနေသည်ဟု သိရသည်။

အဘောင်သားကျေးရွာသားများမှာ တောင်ယာနှင့် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ လက်ရှိမှာ လယ်ယာလုပ်ကိုင်ရန် အချိန်နှောင်းသွားခြင်း၊ မိုင်းရှင်းလင်းပေးမှု မရှိခြင်းတို့ကြောင့် စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲများရှိကြောင်း အဆိုပါ ကျေးရွာသားများက ပြောဆိုကြသည်။

ရွာအနီးတွင်လည်း နှစ်ဘက်လက်နက်ကိုင်အဖွဲ့များရှိသဖြင့် တိုက်ပွဲပြန်ဖြစ်လာမည်ကို ကျေးရွာသားများက စိုးရိမ်နေကြသည်။

လက်ရှိမှာ ပလက်ဝမြို့သို့ ပြန်လာကြသူများမှာ ကြုံရာကျပန်းလုပ်ကိုင်ရင်း စားဝတ်နေရေးကို ဖြေရှင်းနေကြရသည်။

အဘောင်သားကျေးရွာမှ မြို့ပေါ်သို့ပြန်ရောက်လာသူတစ်ဦးက “အရင်နှစ်တွေကဆိုရင်လည်း တိုက်ပွဲဖြစ်လို့ ကိုယ်တို့သီးနှံတွေ မှည့်နေတာမြင်ရဲ့သားနဲ့ မခူးခဲ့ရတော့ နှမြောရင်း ရင်နာမိတယ်။ အဲဒါကြောင့် တစ်ယောက်မှ တောင်ယာမလုပ်ကြဘူး။ အခုလည်း အဲလိုဖြစ်မှာစိုးရိမ်လို့ တောင်ယာမလုပ်ဘဲ မြို့ပေါ်မှာ အလုပ်လာလုပ်တာ” ဟု ပြောသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်တိုက်ပွဲကြောင့် အဘောင်သားကျေးရွာမှ စစ်ဘေးရှောင်လာကြသည့် လူဦးရေ ၄၄၅ ဦးကို ပြည်နယ်စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် နေရပ်ပြန်ပို့လိုက်သည်။ သို့သော် ကျေးရွာနှင့်အနီးအနားတွင် မိုင်းရှင်းလင်းပေးခြင်း မရှိသည့်အပြင် ထောက်ပံ့ကူညီမှုလည်း တစ်စုံတစ်ရာမရရှိခဲ့ကြောင်း အဘောင်သားကျေးရွာသားများက ဆိုကြသည်။

ပလက်ဝမြို့ပေါ်သို့ ပြန်လည်ရောက်ရှိလာသည့် အဘောင်သားကျေးရွာသားများမှာ မြို့ပေါ်၌ ကြုံရာကျပန်းလုပ်ကိုင်ကာ အိမ်ငှားနေထိုင်ကြပြီး အချို့မှာလည်း မြေပိုင်ရှင်များ၏ ခွင့်ပြုချက်ဖြင့် မြေလွတ်များတွင် တဲထိုး၍ နေထိုင်ကြသည်ဟု သိရသည်။

“သူတို့က တိုက်ပွဲမဖြစ်ဘူး ပြောနေရင်လည်း ကျနော်တို့ မနေရဲဘူး။ ပလက်ဝလမ်းမှာ စစ်စခန်းတွေ ရှိတယ်။ တကယ်လို့ တိုက်ပွဲဖြစ်ရင် ကျနော်တို့မှာ ပြေးရမယ့်နေရာ မရှိဘူး။ ပြီးရင် အိမ်တွေက ပျက်စီးနေပြီ။ ရွာမှာနေရတာလည်း မအီမသာဖြစ်တာကြောင့် ပလက်ဝမြို့ပေါ်မှာ အိမ်ငှားခ တစ်လမှာ ၃ သောင်းပေးပြီး နေထိုင်နေတာပါ” ဟု မြို့ပေါ်သို့ ပြန်လည်ရောက်ရှိလာသည့် အဘောင်သားရွာသားတစ်ဦးက ပြောသည်။

အဘောင်သားကျေးရွာတွင် အိမ်ထောင်စု ၁၁၈ စု ရှိသည့်အထဲ အိမ်ထောင်စု ၇၀ ကျော်မှာ ပလက်ဝမြို့ပေါ်သို့ ပြန်လည်ရောက်ရှိလာသဖြင့် လက်ရှိတွင် အိမ်ထောင်စု ၃၀ ကျော်သာ ကျေးရွာ၌ ကျန်ရှိတော့ကြောင်း သိရသည်။

ကျေးရွာ၌ ကျန်ရှိခဲ့ကြသူများမှာလည်း ရွာအနီးပတ်ဝန်းကျင်တွင် အလုပ်အကိုင်များ အဆင်မပြေသဖြင့် ပလက်ဝမြို့ပေါ်သို့ သွားရောက်ကာ ကြုံရာကျပန်းအလုပ်ကို နေ့စားအဖြစ် လုပ်ကိုင်မှုများရှိနေသည်။

“ရွာကလူတွေက ပလက်ဝမြို့ကို မှီခိုပြီး နေထိုင်နေကြရတာပါပဲ။ ကိုယ့်ရွာမှာက ဟင်းတွေ၊ ဘာတွေရှာဖို့ တောင်ပေါ်ကို သွားလို့မရတော့ ဟင်းသီးဟင်းရွက်တွေကို ၃ ရက်စာပေါင်းပြီး မြို့ပေါ်မှာ သွားဝယ်ရတယ်။ မိသားစုများတဲ့သူတွေဆိုရင် မိန်းမတွေကို ရွာမှာထားပြီး ယောင်္ကျားတွေက မြို့ပေါ်မှာ ကြုံရာကျပန်း အလုပ်သွားလုပ်ကြတယ်” ဟု အဘောင်သားရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တကျော့ပြန်တိုက်ပွဲ ရပ်တန့်ချိန်မှစ၍ စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်ဦး‌ရေ ၆,၀၀၀ အထိရှိလာနေပြီဖြစ်သည်။

#I001

ဗီဒီယိုများ