ရခိုင်တွင် ဆေးဝါးပြတ်တောက်မှုနှင့် ဆေးဝါးဈေးကြီးမှုကို ကြုံတွေ့နေရဆဲ

ရခိုင်တွင် စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ခဲ့ခြင်းကြောင့် အချို့ဆေးဝါးများမှာ ပြတ်တောက်သွားခဲ့ပြီး ရရှိနိုင်သည့်ဆေးဝါးများမှာလည်း ဈေးကြီးပေးကာ ဝယ်ယူသုံးစွဲခဲ့ကြရသည်။

By Admin 09 Dec 2022

ရခိုင်တွင် ဆေးဝါးပြတ်တောက်မှုနှင့် ဆေးဝါးဈေးကြီးမှုကို ကြုံတွေ့နေရဆဲ

၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက ရခိုင်ပြည်နယ်ရှိ ဆေးဆိုင်များကို ဌာနဆိုင်ရာများမှ ဝင်ရောက်စစ်ဆေးနေသည်ကို တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၉

ရခိုင်တွင် စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ခဲ့ခြင်းကြောင့် အချို့ဆေးဝါးများမှာ ပြတ်တောက်သွားခဲ့ပြီး ရရှိနိုင်သည့်ဆေးဝါးများမှာလည်း ဈေးကြီးပေးကာ ဝယ်ယူသုံးစွဲခဲ့ကြရသည်။

လက်ရှိတွင် အလွတ်သဘောတူညီချက်ဖြင့် နှစ်ဖက်အပစ်ရပ်ထားသော်လည်း ဆေးဝါးသယ်ယူခွင့်မှာ ကန့်သတ်ခံထားရဆဲဖြစ်သဖြင့် ဆေးဝါးပြတ်တောက်မှုနှင့် ဆေးဝါးဈေးကြီးမှုတို့မှာ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်သည်ဟု ဒေသခံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများက ပြောသည်။

ရခိုင်သို့ ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီက တရားဝင်ပိတ်ပင်ထားခြင်းမျိုး မဟုတ်ဘဲ တကျော့ပြန်တိုက်ပွဲကာလအတွင်း ကုန်းလမ်း၊ ရေလမ်းများမှာသယ်ဆောင်သည့် ဆေးဝါးများကိုစစ်ဆေးကာ ကန့်သတ်ထားခြင်းဖြစ်သည်။

“အခုလောလောဆယ် သယ်ယူခွင့်တော့ လုံးဝမပေးထားဘူး။ အရင်ကဆို နယ်လုံလက်မှတ်နဲ့ဆို ဆေးဝါးသယ်လို့ရတယ်။ အခုက နယ်လုံလက်မှတ်ပါရင်တောင် ရဖို့က မလွယ်ဘူးလို့ကြားရတယ်။ ဆေးဝါးသယ်ယူခွင့်ကို တရားဝင် ပြန်လည်ခွင့်ပြုတယ်ဆိုတာကိုလည်း မထုတ်ပြန်သေးဘူး”ဟု စစ်တွေမြို့တွင် အခမဲ့ဆေးကုသမှုပေးနေသည့် Free Clinic Rakhine မှ ဒေါက်တာကျော်ဇော်သန့်က ပြောသည်။

ဆေးဝါးဈေးနှုန်းမြင့်တက်နေသဖြင့် အခမဲ့ဆေးကုသမှုပေးနေသော ပရဟိတဆေးခန်းများ ဆက်လက်ရပ်တည်နိုင်ရန်အတွက် ငွေကြေးအချို့ ကောက်ခံနေရကြောင်းလည်း ၎င်းကဆိုသည်။

“အရင် ၅၀၀ လောက်နဲ့ ဝယ်လို့ရတဲ့ဆေးက အခု ၁၀၀၀ ကျော်လောက်ဖြစ်နေတယ်။ အလှူရှင်တွေဆီကလည်း ပုံမှန်ဝင်ငွေ မရှိဘူးဆိုတော့ ကျနော်တို့မှာ အကြွေးတွေတောင်တင်နေတဲ့ သဘောမှာရှိတယ်။ ဆေးတွေအတွက် ပုံမှန်မရှင်းနိုင် ဖြစ်နေတယ်။ ကုန်နေတဲ့ဆေးတွေကို ဖြည့်ဖို့ကလည်း ဆေးတွေက တအားဈေးတက်နေတော့ မဝယ်နိုင်ဘူး”ဟု ဒေါက်တာ ကျော်ဇော်သန့်က ပြောသည်။

ထိုသို့ဆေးဝါးသယ်ယူခွင့် ကန့်သတ်ခံထားရမှုကြောင့် ရခိုင်တွင် ဆေးဝါးဈေးနှုန်းများမှာ ယခင်ထက် နှစ်ဆ၊ သုံးဆခန့် ဈေးမြင့်တက်လျက်ရှိပြီး အချို့ဆေးဝါးများကို လေကြောင်းမှတစ်ဆင့် အကန့်အသတ်ဖြင့် သယ်ယူနေကြရသည်ဟု ဆေးအရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။

ထို့အပြင် စစ်တွေမြို့မှတဆင့် အခြားမြို့နယ်များသို့ ဆေးဝါးသယ်ယူရာတွင်လည်း စစ်ကောင်စီက စစ်ဆေးမေးမြန်းမှုများရှိ၍ သယ်ယူရန်အခက်အခဲရှိကြောင်းနှင့် အချို့သော တိုက်နယ်ဆေးရုံများတွင် ဆေးဝါးမလုံလောက်မှုကြောင့် လူနာများအတွက် အခက်အခဲရှိကြောင်း ဒေသခံများကပြောသည်။

“အရင်ထက် ၃ ဆလောက်ကို ဆေးမြင့်တက်နေပါတယ်။ အခက်အခဲကတော့ အရင်ကဆို ဆေးတစ်လုံးကို ၁၀၀ ဆို အခုက ၃၀၀၊ ၄၀၀ လောက်ပေးရတယ်။ ပိုက်ဆံမရှိတဲ့သူကတော့ အများအစား မဝယ်ရတော့ဘူးပေါ့။ လမ်းပန်းဆက်သွယ်ရေး မကောင်းတာတွေ၊ နယ်ဆိုတော့ ဆေးဝါးမပြည့်စုံတာတွေရှိတာပေါ့”ဟု မင်းပြားမြို့နယ်၊ နရမ်းကျေးရွာမှ ဦးရွှေမြသာက ပြောသည်။

ထိုသို့သောအခက်အခဲများကြောင့် ရခိုင်ပြည်အတွင်း ဆေးဝါးများကို လွတ်လပ်စွာသယ်ယူခွင့်ရရှိရန် ဒေသခံများက လိုလားနေကြသည်။

“ဖြစ်ကိုမဖြစ်သင့်တဲ့အရာပေါ့။ ဒေသခံတွေအများကြီးနေတဲ့နေရာကို အဓိကကျတဲ့ဆေးဝါးတွေ ပိတ်ပင်ထားတယ်ဆိုတော့ ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့အခြေအနေပေါ့။ အခုလိုအကြာကြီးမပိတ်ဘဲ ခနလောက်ပိတ်တာက လက်ခံလို့ရသေးတယ်။ အကြာကြီးပိတ်ထားတာကတော့ မဖြစ်သင့်တဲ့ကိစ္စလို့ပဲပြောချင်တယ်”ဟု စစ်တွေမြို့မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

ရသေ့တောင်၊ မြောက်ဦးနှင့် ကျောက်တော်မြို့များရှိ ဆေးအရောင်းဆိုင်များကို DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဆေးဝါးသယ်ယူခွင့် မရသေးသဖြင့် ယခင်သိုလှောင်ထားသည့်ဆေဝါးများကို အကန့်အသတ်ဖြင့် ရောင်းချနေရကြောင်း ပြောဆိုကြသည်။

ယခုကဲ့သို့ ဆေးဝါးသယ်ယူခွင့်များ ပြန်လည်ရရှိရန် ဒေသခံများ၏ပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို DMG က ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

မြန်မာနိုင်ငံတွင် အဓိကသုံးစွဲနေသည့် ဆေးဝါးများကို အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ဂျာမနီနှင့် တူရကီနိုင်ငံများမှ အများဆုံး မှာယူနေခြင်းဖြစ်ပြီး လက်ရှိရခိုင်မှာ ထိုင်းနိုင်ငံထုတ်ဆေးဝါးများ ပိုပြီးပြတ်တောက်မှုဖြစ်ပေါ်နေသည်ဟု ဆေးအရောင်းဆိုင်များမှ သိရသည်။

ဗီဒီယိုများ