စစ်ကောင်စီ လက်နက်ကြီးကြောင့် ပလက်ဝမြို့တွင် အမျိုးသမီး ၂ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ဒီဇင်ဘာလ ၁၈ ရက် ညဉ့်အချိန်၌ ပလက်ဝအခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ မြို့မရပ်ကွက်နေအမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ 

By Admin 19 Dec 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့။ ဓာတ်ပုံ - ဝီကီပီးဒီးယား
ချင်းပြည်နယ်၊ ပလက်ဝမြို့။ ဓာတ်ပုံ - ဝီကီပီးဒီးယား

“ဒဏ်ရာက‌တော့ သိပ်မပြင်းထန်ဘူး။ ခြေလက်တွေမှာ ထိရှသွားတာလောက်ပဲ” ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။ ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ အသက် ၅၀ အရွယ်တစ်ဦးနှင့် အသက် ၃၀ အရွယ်တစ်ဦး ဖြစ်ပြီး ၎င်းတို့၏ အမည်/အသက်ကို သိရှိနိုင်ရန် DMG က စုံစမ်းနေဆဲဖြစ်သည်။ 

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ခမရ ၂၈၉ တပ်ရင်းက ယမန်နေ့ ည ၁၁ နာရီမှ ယနေ့နံနက် ၂ နာရီကျော်ထိ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုအပြင် နေအိမ်အချို့လည်း ပျက်စီးသွားကြောင်း သိရသည်။  

ဒီဇင်ဘာ ၈ ရက်ကလည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ပလက်ဝမြို့ဆေးရုံဝန်းအတွင်း ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်များမှာ ပလက်ဝမြို့အတွင်း ကျရောက်ပေါက်ကွဲမှုများ ရှိနေသဖြင့် ဒေသခံများက စိုးရိမ်နေကြသည်။ 

“ဒီလအတွင်း မြို့ထဲကို လက်နက်ကြီးကျတာ နှစ်ကြိမ်ရှိပြီ။ ပြီးရင် ပြည်သူတွေထိခိုက်မှု ရှိလာတာကတော့ တော်တော်လေးကို စိုးရိမ်စရာကောင်းလာတယ်” ဟု ပလက်ဝမြို့ခံ နောက်တစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ်ရှိ တရွန်အိုင်၊ နှုံးဘူးတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် တရွန်အိုင်ရွာနှင့် အထက်မီးဇာကျေးရွာတို့မှ ဒေသခံ ၄ ဦး သေဆုံးကာ၊ ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ 

စစ်ကောင်စီ၏ တရွန်အိုင်နှင့် နှုံးဘူးဗျုဟာကုန်းတို့ကို ရက္ခိုင့်တပ်တော်(AA) က နိုဝင်ဘာ ၁၄ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး “တရွန်အိုင်” ကို  ဒီဇင်ဘာ ၄ ရက်နှင့် “နှုံးဘူး” ကို ဒီဇင်ဘာ ၁၀ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ 

ဗျုဟာကုန်းများသိမ်းပိုက်ခံရပြီးနောက် ပလက်ဝမြို့အဝင်အထွက်များကို စစ်ကောင်စီက ပိတ်ဆို့လိုက်ပြီး စားသောက်ကုန်နှင့် ဆေးဝါးများ ပြတ်လပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

ဗီဒီယိုများ