ရခိုင်အဆိုတော် ခိုင်ပြည်ကျော် ကွယ်လွန်

အသက် ၅၀ နှစ်အရွယ် ရခိုင်ဝါရင့်အဆိုတော်ခိုင်ပြည်ကျော်သည် နိုဝင်ဘာလ ၄ ရက်နေ့၊ ညနေ ၉ နာရီခန့်က မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူနေစဥ် ကွယ်လွန်သွားကြောင်း သိရသည်။

By Admin 05 Nov 2022

ရခိုင်အဆိုတော် ခိုင်ပြည်ကျော် ကွယ်လွန်

DMG၊ နိုဝင်ဘာ ၅

အသက် ၅၀ နှစ်အရွယ် ရခိုင်ဝါရင့်အဆိုတော်ခိုင်ပြည်ကျော်သည် နိုဝင်ဘာလ ၄ ရက်နေ့၊ ညနေ ၉ နာရီခန့်က မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူနေစဥ် ကွယ်လွန်သွားကြောင်း သိရသည်။

၄င်းမှာ ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ရမ်းဗြဲမြို့နယ်တွင် သီချင်းဆိုရန်အတွက် ရခိုင်ပြည်သို့ လာ ရောက်ပြီးနောက် နေမကောင်းဖြစ်သဖြင့် နိုဝင်ဘာလ ၃ ရက်နေ့က ဆေးရုံတင်လိုက်ရပြီး နောက်တစ်ရက် အကြာတွင်  ကွယ်လွန်သွားခြင်းဖြစ်သည်ဟု တူမဖြစ်သူ မခင်ဆုမွန်က DMGသို့ပြောသည်။

“ကြာသပတေးနေ့ ညနေ ၅နာရီမှာ မင်းပြားမှာဆေးရုံတင်လိုက်ရတယ်။ အစာအိမ်သွေးကြောပေါက် ရောဂါနဲ့ ဆုံးသွားတယ်” ဟု ၄င်းကဆိုသည်။

အနုပညာ သက်တမ်းနှစ်ပေါင်း ၂၀ ကျော်ရှိသည့် အဆိုတော်ခိုင်ပြည်ကျော်ကို ညီရင်းတစ်ယောက်ကဲ့သို့ခင်မင်ပြီး မမျှော်လင့်ဘဲ သေဆုံးသွားသည့် အတွက် ရင်ကွဲ မတတ်ခံစားရကြောင်း ရခိုင်အဆိုတော် ဦးမောင်သိန်းက DMG သို့ပြောသည်။

“အနုပညာလောကထဲက ကြယ်ပွင့်တစ်ပွင့် ကြွေကျသွားတဲ့ အတွက်ကြောင့်ရင်ကွဲမတတ်တော့ခံစားရတယ်။ ကျနော့်နည်းတူ အနုပညာအသိုင်းအဝိုင်းနဲ့ အနုပညာကိုချစ်တဲ့ ပရိသတ်တွေလည်း ကြေကွဲနေကြမယ်လို့ ကျနော်ယုံကြည်တယ်။ သဘာဝတရားကို လွန်ဆန်လို့မှမရတဲ့အတွက် ကြွေလွင့်သွားရင်လည်း ကျန်လိုက်တဲ့သူတွေမှာတော့ ခံစားရတယ်လေ။ အနုပညာလောကမှာသံယောဇဉ်က ရှိခဲ့ကြတာကိုး ။ သူလည်းတတ်နိုင်တဲ့ဘက်က အနုပညာနဲ့ရခိုင်ပြည်အတွက် လုပ်ခဲ့ဖူးတာ အများကြီးရှိတယ်။ ဒါကြောင့် ဝမ်းနည်းရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူးလေ”ဟု သူကပြောသည်။

ခိုင်ပြည်ကျော် ရုတ်တရက်ကွယ်လွန်သွားခြင်းနှင့်ပတ်သက်ပြီး ရခိုင်အနုပညာရှင်အသိုင်းအဝိုင်းနှင့် ၄င်း၏ ပရိသတ်များက ယူကြုံးမရဖြစ်နေကြပြီး လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ဝမ်းနည်းကြောင်းအသီးသီး‌ ရေးသားနေကြသည်။

“မကြာခင်က ဖုန်းတစ်ကြိမ်ဆက်တုန်းက နောက်ဆုံးအနေနဲ့လို့ မသိခဲ့။ အခုတော့ ဘဝတစ်ပါးသို့ကူးသွားပြီ။ ပေးဆပ်ခဲ့တဲ့အနုပညာတွေ၊ မိသားစုအရာအားလုံးအပေါ်မှာ စိတ်သဘောထားဖြူစင်ခဲ့လို့ ကောင်းရာဘုံဘဝမှာစံမြန်းပါစေ”ဟု အဆိုတော်ရီလှိုင်းပြာက ၄င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ရေးသားထားသည်။

ယခုကဲ့သို့ ရခိုင့်ဂီတ လောကတွင် အဆိုတော်တစ်ဦး မထင်မှတ်ဘဲ သေဆုံးသွားသည့်အပေါ် များစွာစိတ်မကောင်းဖြစ်ရကြောင်း ရခိုင်တေးရေးဆရာ ဦးကျော်သန်းကပြောသည်။

“ရခိုင်အနုပညာ မိုနိုသီချင်းပိုင်းမှာ ပေါ်ပေါက်လာတဲ့ ကျနော်တို့ အနုပညာမောင်နှမတွေနဲ့အတူတူ တကယ့် ရခိုင်အနုပညာ ထွန်းကားရေးအတွက် အားကိုးမာန်တက်လုပ်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပါ။ အခုလို မမျှော်လင့်ဘဲ အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကထဲက ကြွေလွင့်သွားတဲ့အတွက် ကျနော်တို့အနေနဲ့သိပ်ဝမ်းနည်းပါတယ်။ အထူးစိတ်မကောင်း ဖြစ်ရပါတယ်” ဟု သူကပြောသည်။

၄င်းသည် မင်းပြားမြို့နယ်၊ကင်းဆိပ်ကျေးရွာဇာတိဖြစ်သည်။ ခိုင်ပြည်ကျော်သီဆိုခဲ့သည့် အမိသာခြင်းသံ၊ ရွက်ကျင်ကြွီ စသည့်သီချင်းများမှာကျော်ကြားခဲ့ပြီး “ ရခိုင့်သဇင် ပန်းဘုရင်”’ တစ်ကိုယ်တော်တေးစီးရီး မှာလည်း လူကြိုက်များခဲ့သည်။

၄င်း၏ ရုပ်အလောင်းကို လာမည့် နိုဝင်ဘာလ ၆ ရက်နေ့၊နေ့လယ် ၁ နာရီတွင် မင်းပြားမြို့၊ သင်္ချိုင်းမှာ  သင်္ဂြိုဟ်မည်ဖြစ်သည်။

ဗီဒီယိုများ