- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
- အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်လာ
- နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် မြန်မြန်ဆန်ဆန် ညှိနှိုင်းရန် ဗီယက်နမ်နှင့် ရုရှား သဘောတူ
- ကုလစာနာမှုစင်္ကြံ လက်တွေ့အလားအလာ
- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
မလေးရှားတွင်ကျင်းပနေသည့် နိုင်ငံတကာ Miss ပြိုင်ပွဲတွင် ရခိုင်အလှမယ် မသန္တာစိုးက မြန်မာကိုယ်စားပြု ဝင်ပြိုင်နေ
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အောက်တိုဘာလ ၂၃ ရက်မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကျင်းပနေသည့် Miss Cosmopolitan World 2023 နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် ရခိုင်က အလှမယ် မသန္တာစိုးက မြန်မာကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
23 Oct 2023

DMG ၊ အောက်တိုဘာ ၂၃
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အောက်တိုဘာလ ၂၃ ရက်မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကျင်းပနေသည့် Miss Cosmopolitan World 2023 နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် ရခိုင်က အလှမယ် မသန္တာစိုးက မြန်မာကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
ရခိုင်ပြည်၊ မင်းပြားမြို့မှ အသက် ၂၇ နှစ်အရွယ် မသန္တာစိုးမှာ ယခုနှစ်ကျင်းပခဲ့သည့် Miss Universe Sittwe နှင့် Miss World Myanmar ပြိုင်ပွဲတို့တွင် 1st runner up ဆုကို ရရှိခဲ့သူဖြစ်သည်။
Miss Cosmopolitan World 2023 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် Myanmar Beauty Paradise Organization မှ ကမ်းလှမ်းစေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း AKYAB STARS
တည်ထောင်သူ ကိုစံသာက ပြောသည်။
“ရခိုင်ပြည်ထဲမှာကြီးပြင်းပြီး ကြိုးစားတဲ့ ရခိုင်အမျိုးသမီးငယ်တစ်ယောက် နိုင်ငံတကာပြိုင်ပွဲတွေကို မြန်မာကိုယ်စားပြု အနေနဲ့ သွားရောက်ယှဉ်ပြိုင်ခွင့်ရတာတော့ ကျနော်အနေနဲ့ အများကြီး ပျော်ရွှင်ရတယ်။ ကိုယ်ပြိုင်ခဲ့တဲ့အခါ ရခဲ့တဲ့ ပျော်ရွှင်မှုထက်တောင် ပိုသေးတယ်။ သူ အကောင်းဆုံးလုပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ကိုစံသာကပြောသည်။
မသန္တာစိုး အနေဖြင့် မတူညီသည့်နေရာနှင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲတွင် သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်၍ ဘာသာစကားနှင့်ပတ်သက်၍ စိန်ခေါ်မှု အနည်းငယ်ရှိသော်လည်း အကောင်းဆုံးကြိုးစားသွားမည်ဟု ပြောဆိုထားကြောင်း သိရသည်။
နိုင်ငံတကာအဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်နေသည့် မသန္တာစိုးအနေဖြင့် ကြိုးစားမှု၊ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားပြီဖြစ်၍ ရလာဒ်ကောင်းတစ်ခုရရှိမည်ဟု ယုံကြည်ထားကြောင်း Miss အသိုင်းအဝိုင်းများက ပြောဆိုထားသည်။
“မသန္တာစိုးနဲ့ကျတော့ အတူတူလေ့ကျင့်လာတာလေ။ သူဘယ်လိုကြိုးစားလဲ၊ သူဘယ်လို ကြိုတင်ပြင်ဆင်လဲသိတယ်။ သူ ဒီကပြိုင်ပွဲပြီးကတည်းက မလေးရှားကပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တယ်၊ လေ့ကျင့်တယ်၊ ဘာသာစကားကိုလည်း ကြိုးစားပြင်ဆင်တယ်။ အကောင်းဆုံး ရလာဒ်တစ်ခုရလိမ့်မယ်” ဟု ရခိုင်က အလှမယ်တစ်ဦးဖြစ်သူ မစောမြတ်အိခိုင်က ပြောသည်။
ရခိုင်ပြည်တွင် Miss နှင့်ပတ်သက်၍ နိုင်ငံတကာအထိ ထိုးဖောက်ဝင်ရောက်နိုင်သူ မရှိခဲ့ဘဲ မသန္တာစိုးမှာ နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် ရခိုင်ပြည်မှ ပထမဆုံးသော အလှမယ်တစ်ဦးဖြစ်သည်။
ယခုကဲ့သို့ ရခိုင်ပြည်မှ အလှမယ်တစ်ဦး နိုင်ငံတကာ Miss ပြိုင်ပွဲအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့်အတွက် ဂုဏ်ယူပြီး မသန္တာစိုးအနေဖြင့်လည်း ရခိုင့်ဂုဏ်ကို ဆောင်နိုင်သူတစ်ဦးဖြစ်လာရန် မျှော်လင့်နေကြောင်း ဒေသခံများကပြောသည်။
“အခုလို ကိုယ့်ရခိုင်တစ်ယောက် နိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရတော့ အနည်းအများတော့ ပျော်မိတယ်။ သူ့အနေနဲ့ ပြိုင်ပွဲမှာအကောင်းဆုံးလုပ်ပြီး ရခိုင့်ဂုဏ်ကိုလည်း ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟု စစ်တွေမြို့မှ မခင်စုလှိုင်က ပြောသည်။
Miss Cosmopolitan World 2023 ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်္ကာပူ ကမ္ဘောဒီယား၊ နီပေါ စသည့် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အလှမယ်တစ်ဦးစီ နိုင်ငံကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။