ဖတ်စာအုပ်ပါ ဗုဒ္ဓပူဇနိယသီချင်းတွင် တေးရေးဆရာအမည် ဖော်ပြပေးရန် မိသားစုနှင့် ရခိုင်အနုပညာရှင်များ တောင်းဆို

အခြေခံပညာရေးဦးစီးဌာနမှ ပုံနှိပ်ထုတ်ဝေထားသော ဒုတိယတန်း ရခိုင်ဖတ်စာအုပ်တွင် ဖော်ပြထားသည့် ဗုဒ္ဓပူဇနိယ ယိမ်းသီချင်းကို တေးရေးဆရာအမည် ထည့်သွင်းပေးရန် ရခိုင်ဂီတအနုပညာရှင်များက တောင်းဆိုကြသည်။

By Admin 23 Oct 2023

ဒုတိယတန်း ရခိုင်ဖတ်စာအုတ်တွင် ဖော်ပြထားသည့် ဗုဒ္ဓပူဇနိယ ယိမ်းသီချင်းကို တွေ့ရစဉ်။ Photo - ဦးထွန်းလင်းအောင်
ဒုတိယတန်း ရခိုင်ဖတ်စာအုတ်တွင် ဖော်ပြထားသည့် ဗုဒ္ဓပူဇနိယ ယိမ်းသီချင်းကို တွေ့ရစဉ်။ Photo - ဦးထွန်းလင်းအောင်

DMG ၊ အောက်တိုဘာ ၂၃

အခြေခံပညာရေးဦးစီးဌာနမှ ပုံနှိပ်ထုတ်ဝေထားသော ဒုတိယတန်း ရခိုင်ဖတ်စာအုပ်တွင် ဖော်ပြထားသည့် ဗုဒ္ဓပူဇနိယ ယိမ်းသီချင်းကို တေးရေးဆရာအမည် ထည့်သွင်းပေးရန် ရခိုင်ဂီတအနုပညာရှင်များက တောင်းဆိုကြသည်။

သီချင်းအကြောင်းအရာများမှာ ရခိုင်လူမျိုးတို့၏ ကိုးကွယ်မှုဆိုင်ရာ သမိုင်းအစဉ်အလာများကို ရေးစပ်ထားခြင်းဖြစ်ပြီး အနုပညာ၊ ယဉ်ကျေးမှု လက္ခဏာအရပါ တန်ဖိုးကြီးမားသည့် ဂန္ထဝင်တေးသီချင်း ဖြစ်သောကြောင့် အရေးကြီးသည့် တေးရေးသူအမည်ကိုလည်း ဖော်ပြရန် စာပေအသိုင်းအဝိုင်းက ပြောသည်။

အဆိုပါတေးသီချင်းကို စစ်တွေမြို့၊ တရားသီးစုရပ်ကွက်တွင် နေထိုင်ခဲ့သည့် ရခိုင်လူမျိုး ဦးဦးဘသာ(ကွယ်လွန်)က ရေးစပ်ခဲ့ခြင်းဖြစ်ပြီး ယင်းသီချင်းမှာ ရခိုင်တို့၏ ယဉ်ကျေးမှုဆိုင်ရာကို ဖော်ဆောင်နေခြင်းဖြစ်သောကြောင့် တေးရေးသူအမည်ကို အသိအမှတ်ပြုရန်လိုအပ်ကြောင်း ပြောဆိုကြသည်။

စစ်တွေမြို့ခံ ရခိုင်ဂီတအနုပညာရှင် ဦးထွန်းလင်းအောင်က “ဒီသီချင်းကို ရခိုင်တစ်မျိုးသားလုံးက နှစ်သက်၊ လက်ခံထားကြသလို တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ အနုပညာလက်ရာအဖြစ်လည်း အသိအမှတ် ပြုထားကြတာဖြစ်တယ်။ ရေးစပ်ခဲ့သူ ဘယ်သူဆိုတာကိုလည်း သိရှိ၊ ထင်ရှားပြီးသားမို့လို့ မူပိုင်ခွင့်အရ နာမည်ကိုဖော်ပြရမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

တေးရေးဆရာအမည်ကို ထည့်ပေးရန်အတွက် လာမည့်နိုဝင်ဘာလအတွင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးသို့ တင်ပြသွားရန်စီစဉ်ထားပြီး လိုအပ်သည့်အချက်အလက်များကို စုဆောင်းနေကြောင်းလည်း ဦးထွန်းလင်းအောင်က ဆက်ပြောသည်။

အဆိုပါ ရခိုင်ဖတ်စာအုပ်ကို ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ခု ပညာသင်နှစ်တွင် ထုတ်ဝေခဲ့ပြီး ဒုတိယတန်းစာအုပ် စာမျက်နှာ ၅၂ တွင် ဖော်ပြထားကာ ရခိုင်သားဘာသာဖြင့် ကျောင်းသားများကို သင်ကြားလျက်ရှိသည်။

တေးရေးဆရာ ဦးဦးဘသာ၏ သားဖြစ်သူ ဦးကျော်သိန်းက “ပညာရေးသင်ရိုးတွေမှာ ဆရာ မင်းသုဝဏ်တို့၊ ဆရာ ဇော်ဂျီတို့ကိုလည်း နာမည်ဖော်ပြထားတာပဲ။ အခုလဲ အဲလိုဖော်ပြစေချင်တာပေါ့။ မဟုတ်ရင် အမည်မသိ ရှေးစာဆို ဖြစ်သွားနိုင်တယ်လေ။ ဒါဟာ မိသားစုနဲ့သက်ဆိုင်တယ်ဆိုတာမျိုးထက် တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ ယဉ်ကျေးမှုလက်ရာမို့လို့ နာမည်ဖော်ပြဖို့လိုအပ်ပါတယ်” ဟု ပြောသည်။

ယင်းတေးသီချင်းကို ၁၉၆၆ ခုနှစ်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ရခိုင်ဆီမီးခွက်အကဖြင့် ပထမဦးဆုံး သီဆိုဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး ယခုအတိုင်းဆိုလျှင် အမည်မသိရှေးစာဆို ဖြစ်သွားနိုင်ကြောင်း ဦးကျော်သိန်းက အကြံပြုသည်။

စာရေးဆရာ စစ်တွေညိုသန့်က “ရခိုင်လူမျိုးတွေဟာ သက်တော်ထင်ရှား ဗုဒ္ဓဘုရားရှင်ရဲ့ ရှေ့မှောက်မှာ ဒူးထောက်လို့ မင်းနဲ့ ပြည်သူ သရဏဂုံတည်ကြတယ်ဆိုပြီး အခိုင်အမာယုံကြည်ထားကြတယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ အဆုံးအမထဲက ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတွေကို ပူဇော်ကန်တော့မှုတွေနဲ့ အစဉ်အဆက် ဦးထိပ်ထားလာကြတာကို ရေးစပ်ထားတာမို့ ဒီသီချင်းဟာ သမိုင်းနဲ့ချီပြီးတန်ဖိုးရှိပါတယ်” ဟု ပြောသည်။

တေးသံရှင် ချမ်းချမ်း ထွက်ရှိထားသည့် အိပ်မက်တေးစီးရီး အခွေထဲတွင် “ဗုဒ္ဓပူဇနိယ”သီချင်းကို မြန်မာမှုပြု ရေးသားထည့်သွင်းထားပြီး တေးရေးအမည်ကို တေးရေး မြင့်မိုးအောင်ဟု မှားယွင်းဖော်ပြခဲ့ဖူးသည်။ ယင်းကြောင့် ၂၀၁၆ ခုနှစ်တွင် တေးရေးဆရာ မြင့်မိုးအောင်ကိုယ်တိုင် စစ်တွေမြို့သို့လာရောက်ကာ ဦးဦးဘသာ၏ ဇနီးဖြစ်သူနှင့် မိသားစုဝင်များကို ဖြေရှင်းခဲ့သဖြင့် ပြေလည်မှုရရှိခဲ့သည်။

အဆိုပါသီချင်းသည် “အို… မဟာမုနိဘဂဝါ။ မုနိမဟာဘဂဝါ” ဖြင့် အစချီရေးစပ်ထားခြင်းဖြစ်ပြီး ရခိုင်လူမျိုးတို့၏အကြား နှစ်သက်လက်ခံထားသည့် သီချင်းလည်းဖြစ်သည်။

ဗီဒီယိုများ