ရေဘေးသင့် ရခိုင်ပြည်သူတွေ အကူအညီရရှိမှု ဘယ်လိုရှိနေလဲ 

ရခိုင်မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးမှုများရှိကြသော်လည်း လုံလောက်မှုရှိခြင်းအား မတွေ့ရသေးကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ 

By Admin 12 Aug 2023

မင်းပြားမြို့နယ်တွင် ရေကြီးရေလျှံမှုအခြေအနေကို ဩဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Cyclone Mocha ERRCA
မင်းပြားမြို့နယ်တွင် ရေကြီးရေလျှံမှုအခြေအနေကို ဩဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Cyclone Mocha ERRCA

DMG ၊ ဩဂုတ် ၁၂ 

ရေလွှမ်းမိုးမှုကြောင့် နစ်နာမှုများဖြစ်ခဲ့သည့် ရခိုင်ပြည်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့မှ ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများကို ရက္ခိုင့်တပ်တော်၊ စစ်ကောင်စီနှင့် လူမှုအဖွဲ့အစည်းအချို့က ဆန်ရိက္ခာထောက်ပံ့ပေးမှုများ ရှိသော်လည်း လုံလောက်မှုမရှိသဖြင့် အကူအညီများလိုအပ်နေကြောင်း သိရသည်။ 

ရေလွှမ်းမိုးမှု ၉ ပေခန့် မြင့်တက်ခဲ့သည့် မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းအတွက် AA မှ ဆန်အိတ် ၇၀ နှင့် စစ်ကောင်စီမှ ဆန် ၉ အိတ်ကို  ဩဂုတ် ၁၀ ရက်နေ့က လာရောက်ထောက်ပံ့ခဲ့သည်ဟု သိရသည်။ 

“ဦးဇင်းတို့က အထောက်အပံ့ အကူအညီလိုအပ်နေတဲ့ အုပ်စုဖြစ်တယ်။ ထိခိုက်လွယ်တဲ့အုပ်စုတွေ ဖြစ်တယ်။ ဒီလိုအုပ်စုတွေကို ဘယ်သူကပဲကူညီကူညီ၊ ကူညီရင်တော့ လက်ခံရမှာဖြစ်တယ်။ မငတ်ဖို့က အရေးကြီးတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။ 

ရေလွှမ်းမိုးမှုကို ငါးရက်ကြာခံခဲ့ရသည့် မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၂၀ ကျော်၊ လူဦးရေ ၁,၁၀၀ ကျော်ရှိပြီး နေအိမ် ၃၂ ဆောင် ပျက်စီးခဲ့ကာ ပြန်လည်ဆောက်လုပ်ရန် အကူအညီများ လိုအပ်နေသည်။ 

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းရှိ ရေဘေးသင့်အိမ်ထောင်စု ၆၂၉ စု၊ လူဦးရေ ၂,၉၆၆ ဦး အတွက် ဆန်အိတ် ၁၆၄ အိတ်ကို ရက္ခိုင့်တပ်တော်(AA)က ဩဂုတ်လ ၉ ရက်နေ့တွင် ထောက်ပံ့ပေးခဲ့သည်။ 

လက်ရှိတွင် စစ်ကောင်စီနှင့် အခြားသော လူမှုအဖွဲ့အစည်းများမှ ကူညီထောက်ပံ့မှုများ မရရှိသေးကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။ 

“ကျနော်တို့က နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အထောက်အပံ့တစ်ခုရရင်တော့ ပေးထားတဲ့အထောက်အပံ့နဲ့ ရုန်းကန်ရှာဖွေ စားသောက်ကြရင် အဆင်ပြေနိုင်တယ်။ အခု ရေကျသွားလို့ စခန်းမှာ ပြန်နေလို့ရပေမဲ့ စားဝတ်နေရေး အခက်အခဲတွေက ရှိနေကြတယ်” ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဦးလှမောင်ကျော်က ပြောသည်။ 

ညောင်ချောင်းစခန်းတွင် ရေ ၆ ပေကျော်အထိမြင့်တက်ကာ ရေလွှမ်းမိုးမှုကြောင့် နေအိမ် ၁၄၂ ဆောင် ပျက်စီးခဲ့ပြီး လူဦးရေ ၅၀၀ ကျော်မှာ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ 

မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာတွင်လည်း ရေဘေးသင့်အိမ်ထောင်စုများကို AA က ဆန်ရိက္ခာနှင့် ကြက်ဉအချို့ ထောက်ပံ့ပေးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

“ရေကျသွားပြီးနောက်ပိုင်းမှာ မရှိဆင်းရဲသားတွေက စားရေးသောက်ရေး အခက်အခဲရှိကြတယ်။ လယ်သမားတွေ အတွက်လည်း ပျိုးစပါးတွေ အခက်အခဲတွေရှိကြတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကူညီပေးနိုင်ရင်တော့ နည်းနည်းလောက် ဖြေရှင်းနိုင်မယ့် အခြေအနေတွေရှိတယ်” ဟု မင်းဖူးကျေးရွာမှ ဦးမောင်လှက ပြောသည်။ 

ရေကြီးမှုကြောင့် မင်းဖူးကျေးရွာတွင် စပါးစိုက်ခင်း ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့ပြီး သောက်သုံးရေကန် ၃ ကန်မှာလည်း ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားခဲ့ရသည်။ 

ရခိုင်မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးမှုများရှိကြသော်လည်း လုံလောက်မှုရှိခြင်းအား မတွေ့ရသေးကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ 

စစ်ကောင်စီအနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများအား လွတ်လပ်စွာသွားလာခွင့် မဟုတ်လျှင်တောင် ဒေသတွင်း CSO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သွားလာခွင့်ပြုလျှင် ရေဘေးသင့်ပြည်သူတွေအတွက်ပိုပြီး အဆင်ပြေနိုင် သည်ဟု ပြောဆိုကြသည်။ 

“နိုင်ငံခြားအခြားအဖွဲ့တွေကူညီခွင့်ကို နည်းနည်းပိတ်ပင်ထားတာကို တွေ့ရတယ်။ အဲဒီလို ပိတ်ပင်ထားမှုအပေါ်မှာ လည်း မူတည်တယ်လို့ထင်တယ်။ နောက် ပစ္စည်းတွေသယ်ယူတဲ့အခါလည်း လမ်းမှာ စစ်ဆေးမှုတွေများလို့ အလှူရှင်တွေက မလာချင်ကြတော့ ဒေသခံတွေက ပစ္စည်းလက်ခံရရှိမှုတွေ၊ ကူညီမယ့်သူတွေ လှစ်ဟာမှုဖြစ်သွားတယ်” ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

ရေကြီးမှုကြောင့် ရွှေ့ပြောင်းပေးခဲ့ရသည့် ဒေသခံများနှင့် စစ်ဘေးရှောင်များအတွက် လူကယ်ပြန်က ဆန်ရိက္ခာများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီက ပြောဆိုထားသည်။  

ရခိုင်ပြည်တွင် ဩဂုတ်လ ၄ ရက်နေ့မှစပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေကြီးမှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ အမ်း၊ သံတွဲ၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့မှာ လူဦးရေ ခုနစ်ထောင်ကျော်ခန့် ယာယီနေရာရွှေ့ပြောင်းခဲ့ရပြီး စာသင်ကျောင်းပေါင်း ရာနှင့်ချီပိတ်ထားခဲ့ရကာ ရေကန်ပေါင်း ရာချီ ပျက်စီးမှုများရှိခဲ့သည်။ 

#I006

ဗီဒီယိုများ