မောင်တောခရိုင်ဆေးရုံအုပ်နှင့် သမားတော်တစ်ဦးကို စစ်ကောင်စီ ဖမ်းဝရမ်းထုတ် 

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်၊ မောင်တောခရိုင်တွင် တာဝန်ထမ်းဆောင်နေသော ခရိုင်ဆေးရုံအုပ်နှင့် သမားတော်တစ်ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည်ဟု သတင်းရရှိသည်။ 

By Admin 26 Mar 2024

မောင်တောခရိုင်ပြည်သူ့ဆေးရုံအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလက မြင်တွေ့ရစဉ်။ 
မောင်တောခရိုင်ပြည်သူ့ဆေးရုံအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလက မြင်တွေ့ရစဉ်။ 

မောင်တောခရိုင်ဆေးရုံအုပ် ဒေါက်တာနုကေသီစံနှင့် သမားတော် ဒေါက်တာအောင်နိုင်လင်း တို့ကို AA နှင့်ဆက်စပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက မတ်လ ၂၅ ရက်တွင် ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်သည်။ 

မောင်တောဒေသခံတစ်ဦးက “စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေကို ဒီလအစာပိုင်းကတည်းက စစ်တွေသို့ ပြောင်းရွှေ့ရမယ်ဆိုပြီး ပြောထားတယ်လို့ သိရတယ်။ ဒါကြောင့် အဲဒီဆရာဝန်နှစ်ယောက်က စစ်တွေကိုမသွားဘဲ လုံခြုံမယ့်နေရာကို ထွက်ပြေးသွားတယ်လို့ သိရတယ်။ အဲဒါကို စစ်ကောင်စီက အေအေနဲ့ဆက်စပ်တယ်ဆိုပြီး ဝရမ်းထုတ်တာ” ဟု ပြောသည်။ 

၎င်းတို့နှစ်ဦးမှာ AA နှင့် တစ်စုံတစ်ရာ ဆက်စပ်မှုမဘဲ ပြည်သူ့ကျန်းမာရေးအတွက် လုပ်ဆောင်နေကြသူများဟု မြို့ခံများကပြောဆိုကြပြီး ဝရမ်းထုတ်ခံရခြင်းနှင့် ပတ်သက်၍ ကာယကံရှင်များကို DMG က ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သည်။ 

ဆရာဝန်နှစ်ဦးအား ဖမ်းဝရမ်းထုတ်ပြီးနောက် စစ်ကောင်စီက မောင်တောဆေးရုံအတွင်း နေရာယူထားကာ ဆေးရုံကိုလည်း ပိတ်ထားသဖြင့် ဒေသခံများမှာ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အခက်အခဲကြုံနေကြရသည်။ 

“ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေလည်း မရှိတော့ဘူး။ ဆေးရုံမဖွင့်တဲ့အတွက် မြို့ခံတွေမှာ ဆေးကုသဖို့ အခက်အခဲဖြစ်နေကြရတယ်” ဟု မောင်တောမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကလည်း မောင်တောမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ တရားလွှတ်တော်ရှေ့နေအပါအဝင် ဒေသခံ ၁၃ ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့သဖြင့် လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

တကျော့ပြန် ရခိုင်စစ်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီသည် ဒေသအတွင်းရှိ သတင်းမီဒီယာများ၊ CSO/ NGO/ INGO အသိုင်းအဝိုင်းများ၊ ကျန်းမာရေး၊ ပညာရေးအသိုင်းအဝိုင်းနှင့် ဒေသခံများအား ပစ်မှတ်ထားဖမ်းဆီးရန် လိုက်လံရှာဖွေနေသဖြင့် လုံခြုံမည့်နေရာများတွင် တိမ်းရှောင်နေကြရသည်။ 

ဗီဒီယိုများ