ခိုင်မြဲသောငြိမ်းချမ်းရေး တည်ဆောက်ရန် စစ်ကောင်စီနှင့် NCA - EAO ၇ ဖွဲ့ တွေ့ဆုံဆွေးနွေးမည်

စစ်ကောင်စီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် EAO ၇ ဖွဲ့တို့ လာမည့်ရက်ပိုင်းတွင် ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရေး ကိစ္စ အလွတ်သဘော တွေ့ဆုံဆွေးရန်ရှိကြောင်း သိရသည်။

By Admin 09 Dec 2022

ခိုင်မြဲသောငြိမ်းချမ်းရေး တည်ဆောက်ရန် စစ်ကောင်စီနှင့် NCA - EAO ၇ ဖွဲ့ တွေ့ဆုံဆွေးနွေးမည်

DMG | ဒီဇင်ဘာ ၉

စစ်ကောင်စီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် EAO ၇ ဖွဲ့တို့ လာမည့်ရက်ပိုင်းတွင် ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရေး ကိစ္စ အလွတ်သဘော တွေ့ဆုံဆွေးရန်ရှိကြောင်း သိရသည်။

စစ်ကောင်စီနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသွားမည့် EAO ၇ ဖွဲ့များမှာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ထိုသို့ ဆွေးနွေးသွားမည်ကို ကြားသိရပြီး အသေးစိတ်ကို သူ့အနေဖြင့် ပြောမရသေးကြောင်း DMG သို့ပြောသည်။

အဆိုပါ EAO ၇ ဖွဲ့က စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ထံ ပေးပို့သည့်စာတွင် ဆွေးနွေးပွဲကို သိုသိုသိပ်သိပ်လုပ်ရန် ပြင်ဆင်ထားကြောင်း ရေးသားထားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးရေးတွင် အဆိုပြုချက် ၄ ချက်အပေါ် အပြုသဘောဆောင်သည့် သဘောထားကို ညှိနှိုင်းလိုကြောင်း ပါရှိသည်။

အဆိုပါ စာတွင် ပါဝင်သည့် အချက် ၄ ချက်မှာ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့ ချင်းမိုင်းမြို့တွင် တစ်ဖက်လျှင် ကိုယ်စားလှယ် အနည်းငယ်ဖြင့် ကနဦး အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ သိုသိပ်စွာ စတင်ခြင်း၊ ဒီဇင်ဘာ ၁၅-၁၇ ရက်နေ့ တောင်ကြီးမြို့(သို့မဟုတ်)မော်လမြိုင်မြို့တွင် နှစ်ဖက်ကိုယ်စားလှယ်စုံညီစွာဖြင့် အလွတ်သဘော တွေ့ဆုံလိုခြင်းတို့ပါဝင်သည်။

ယင်းအပြင် ဆက်လက်ပြီး နှစ်ဖက်သဘောထားများအား ညှိနိူင်းဆွေးနွေးခြင်းတို့နှင့်အတူ ဒီဇင်ဘာ ၁၅- ၁၇ ရက်နေ့တွင် ရန်ကုန်၌ တရားဝင်ဆွေးနွေးမှုများ ဆက်လက်ကျင်းပပြီး ညှိနိူင်းဆွေးနွေးခြင်းနှင့် ရရှိသည့် နှစ်ဖက်လက်ခံသော ဘုံသဘောထားများနှင့် သဘောတူညီချက်များအား နှစ်ဖက်အတွက် သင့်တော်သည့်နေရာနှင့် အချိန်တွင် စုပေါင်း၍ တရားဝင်လက်မှတ်ရေးထိုးခြင်း စသည့် အချက်များ ပါဝင်သည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းအား DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

သို့သော်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုမှာ မှန်ကန်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက One News Myanmar သတင်းဌာနသို့ ဖြေကြားထားသည်။

ဗီဒီယိုများ