ဆမီးမြို့က စစ်ဘေးရှောင်စခန်းများကို ပိတ်သိမ်းမည်ဖြစ်၍ ယခုလကုန်တွင် နေရပ်ပြန်ရန် စစ်ဘေးရှောင်များကို ဖိအားပေး

မတ်လ ၁၈ ရက်နေ့က ဆမီးမြို့ရှိ စစ်ဘေးရှောင်များကို မြို့နယ်ထွေ/အုပ်ရုံးသို့ခေါ်ယူပြီး စစ်ကောင်စီတပ်မှ ဗျူဟာမှူးဆိုသူက မတ်လကုန်တွင် နောက်ဆုံးထားကာ နေရပ်ပြန်ရမည်ဟု ပြောဆိုခဲ့ကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ 

By Admin 19 Mar 2023

ဓာတ်ပုံ - Khonumthung News
ဓာတ်ပုံ - Khonumthung News

DMG ၊ မတ် ၁၉

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြီး ဆမီးမြို့တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို ယခုမတ်လကုန်တွင် နေရပ်ပြန်ကြရန် စစ်ကောင်စီက ပြောဆိုလာကြောင်း သိရသည်။

ဆမီးမြို့ရှိ စစ်ဘေးရှောင်စခန်းများကို ပိတ်သိမ်းတော့မည်ဖြစ်သဖြင့် မတ်လ ၁၈ ရက်နေ့က ဆမီးမြို့ရှိ စစ်ဘေးရှောင်များကို မြို့နယ်ထွေ/အုပ်ရုံးသို့ခေါ်ယူပြီး ပလက်ဝမြို့ စစ်ကောင်စီတပ်မှ ဗျူဟာမှူးဆိုသူက မတ်လကုန်တွင် နောက်ဆုံးထားကာ နေရပ်ပြန်ရမည်ဟု ပြောဆိုခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ဘေးရှောင်တစ်ဦးကပြောသည်။ 

“နိုင်ငံတော်အဆင့်နဲ့ဆိုရင် ဒုက္ခသည်စခန်းတွေ မရှိရဘူးဆိုတဲ့အတွက်ကြောင့် ဒုက္ခသည်စခန်းတွေ ဖျက်သိမ်းတော့မယ်ဆိုပြီး ပြောတယ်။ ကျနော်တို့က ကလေးတွေ စာမေးပွဲရှိတဲ့အတွက် မတ်လ လကုန်လောက်စောင့်ဖို့ ပြောတဲ့အတွက် မတ်လကုန် နေရပ်ပြန်ခိုင်းဖို့ပြောတာပါ”ဟု အဆိုပါစစ်ဘေးရှောင်က ပြောသည်။  

စစ်ဘေးရှောင်များအနေဖြင့် နေရပ်သို့ မပြန်လိုပါက မြို့ပေါ်ရပ်ကွက်များတွင် အိမ်ငှားရင်းနေထိုင်၍ရပြီး လက်ရှိနေထိုင်သည့် စစ်ဘေးရှောင်စခန်းကိုတော့ ဖျက်သိမ်းသွားမည်ဟုလည်း စစ်ကောင်စီက ပြောဆိုခဲ့ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

စစ်ဘေးရှောင်များ နေရပ်ပြန်ရန်အတွက် စစ်ဘေးရှောင်တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှင့် အဝတ်ထည့်ဗုံး တစ်လုံး၊ ပန်းကန်တစ်ချပ်၊ ဇွန်းအပြင် လူသုံးကုန်ပစ္စည်းအချို့ကို စစ်ကောင်စီက ထောက်ပံ့ခဲ့ကြောင်း သိရသည်။ 

ထိုသို့ နေရပ်ပြန်ရန်အတွက် မိုင်းရှင်းလင်းပေးမှုများ မရှိသေးသဖြင့် စိုးရိမ်ကြောင်း ဆမီးမြို့ စည်ပင် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်တစ်ဦးကပြောသည်။ 

“နေရပ်ပြန် စာရင်းကောက်ကတည်းကနေ ကျနော်တို့က ရပ်မိရပ်ဖတွေနဲ့စုပြီး မိုင်းရှင်းလင်းပေးဖို့ တောင်းဆိုခဲ့တာရှိတယ်။ ဒါပေမယ့် သူတို့(စစ်ကောင်စီ)က မိုင်းရှင်းလင်း မပေးဘူး။ ကျနော်တို့မှာ ရွာရောက်ရင် ဘာကိုလုပ်ကိုင်စားသောက်ရမယ်မှန်း မသိဘူး။ ကျွဲ၊ နွားတွေလည်း မရှိတော့ဘူး။ မိုင်းနင်းမိမှာလည်း စိုးရိမ်တယ်”ဟု ၎င်းကဆိုသည်။ 

စစ်ဘေးရှောင်များမှာ နေရပ်သို့ပြန်မည်ဆိုပါက မိုင်းအန္တရာယ်အပြင် လုပ်ကိုင်စားသောက်ရေး၊ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေး စသည့်အခက်အခဲများလည်း ရှိနေကြသည်။ 

“ကျနော်တို့ ပြန်မယ်ဆိုရင်လည်း နယ်မြေအခြေအနေအရ စားဝတ်နေရေးအခက်အခဲ ရှိနေတယ်။ ကျနော်တို့ကို အဖွဲ့အစည်းတစ်ခုခုက တာဝန်ယူပေးစေချင်တယ်။ အခုချိန်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတယ်။ အိမ်မရှိတဲ့သူတွေ အများကြီး။ ကျနော်ကိုယ်တိုင်လည်း အိမ်မရှိဘူး။ အဲဒါကို ထည့်စဉ်းစားပေးစေချင်တယ်”ဟု ဆမီးမြို့ရှိ ထွေ/အုပ်စစ်ဘေးရှောင်စခန်းမှ နောက်ထပ် အမည်မဖော်လိုသည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၀ မတ်လဆန်းပိုင်းမှစ၍ ပလက်ဝမြို့နယ် မီးချောင်းနှင့် ကုလားတန်မြစ်ကြောင်း တစ်လျှောက်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုကြောင့် ဝက်မ၊ လိပ်ခေါင်း၊ ပြိုင်တိန်၊ စာဘူးတောင်၊ ငမြင်းတောင်၊ ကိုးဝ၊ ဆားဝ၊ မိတ်စာဝ အစရှိသည့် ကျေးရွာပေါင်း ၂၀ ခန့်က ဒေသခံများမှာ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်သို့ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။ 

အဆိုပါဒေသခံများမှာ ဆမီးမြို့ပေါ်ရှိ စည်ပင်၊ မျိုးပိုင်ကုန်း၊ ထွေအုပ်၊ ပြင်ပနှင့် ပျံကျဈေး စသည့် စစ်ဘေးရှောင်စခန်း (၅)ခုတွင် ခိုလှုံနေကြပြီး လူဦးရေ စုစုပေါင်း ၁၉၀၀ ကျော်ရှိကြောင်း သိရသည်။ 

#I001

ဗီဒီယိုများ