တိုက်ပွဲကြောင့် ရခိုင်တွင် စာသင်ကျောင်းအများအပြား ယာယီပိတ်

ယနေ့ နံနက်ပိုင်းက စတင်ဖြစ်ပွားနေသော တိုက်ပွဲများနှင့်အတူ စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်နေမှုကြောင့် မြို့ပေါ်နှင့် ကျေးရွာအတွင်းက စာသင်ကျောင်းများကို ယာယီ ပိတ်ထားကြခြင်းဖြစ်သည်။ 

By Admin 13 Nov 2023

မြောက်ဦးမြို့ရှိ အမှတ်(၁) အထက ကျောင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ 
မြောက်ဦးမြို့ရှိ အမှတ်(၁) အထက ကျောင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ 

DMG ၊ နိုဝင်ဘာ ၁၃ 

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်အတွင်းက ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်တို့တွင် အခြေခံပညာစာသင်ကျောင်း အများအပြား ယာယီ ပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။ 

ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက စတင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်အတူ စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များ ပစ်ခတ်နေမှုကြောင့် မြို့ပေါ်နှင့် ကျေးရွာအတွင်းက စာသင်ကျောင်းများကို ယာယီ ပိတ်ထားကြခြင်းဖြစ်သည်။ 

တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရသေ့တောင်မြို့နယ်အတွင်းက ချိန်ခါလိန်၊ ဒုံးပိုက်၊ ကိုးတန်ကောက်၊ ကြံတိုင်းအောင် ၊ အောင်ဗလ၊ ဆင်ပိုက်၊ ပေါက်တောပြင်၊ သာစည်ကုန်း၊ အငူမော်၊ ကုန်တန်း၊ မကျည်းချောင်း စသည့်ကျေးရွာများရှိ စာသင်ကျောင်း ၁၀ ကျော်ကို ယာယီပိတ်ထားရသည်။  

“ဒုံးပိုက်ရွာသားတွေ အကုန်လုံးထွက်ပြေးသွားကြပြီ။ ရွာမှာ တစ်ယောက်မှမရှိတော့ဘူး။ စာသင်ကျောင်းကိုလည်း ပိတ်ထားခဲ့ရတယ်။ ဆရာ၊ ဆရာမတွေလည်း လုံခြုံတဲ့နေရာတွေကို ထွက်ပြေးသွားပြီ” ဟု ဒုံးပိုက်ကျေးရွာသား ဦးဘမြိုင်က ပြောသည်။ 

ယနေ့ နံနက်ပိုင်းက ချိန်ခါလိန်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအနီးရှိ စစ်ကောင်စီ နယ်ခြားစောင့်တပ်ကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းနောက် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ချိန်ခါလိန်နှင့် ဒုံးပိုက် ကျေးရွာသား အားလုံးနီးပါးမှာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြခြင်းဖြစ်သည်။ 

ချိန်ခါလိန်ကျေးရွာမှ အမျိုးသားတစ်ဦးက “ကျနော်တို့ကျေးရွာက ကြားထဲမှာ ညှပ်နေတယ်။ တခြားရွာတွေကို ထွက်ပြေးလို့မရဘူး။ အဲဒါကြောင့် တောင်ထဲကိုပဲ ထွက်ပြေးနေရတယ်။ ထွက်ပြေးတာမှာ ကလေးတွေလည်း အကုန်လုံးပါတယ်။ ကျောင်းကတော့ ပိတ်ထားခဲ့ရတယ်” ဟု ပြောသည်။ 

ရသေ့တောင်မြို့ပေါ်တွင်လည်း စစ်ကောင်စီက လက်နက်ကြီး/ငယ်များ ပစ်ခတ်နေမှုကြောင့် စာသင်ကျောင်းများ၊ ဈေးဆိုင်းခန်းများအားလုံးကို ယာယီပိတ်ထားကြသည်ဟု မြို့ခံများထံမှ သိရသည်။ 

အလားတူ မြောက်ဦးမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် စာသင်ကျောင်းအားလုံးကို ယာယီပိတ်ထားကြောင်း မြို့ခံများထံမှ သိရသည်။ 

မင်းပြားမြို့နယ်က ဖားပြို(ချင်း)ကျေးရွာ၊ ဖားပြို(ရခိုင်)၊ ငှက်ပျိုးချောင်း၊ ကြိမ်သာပြင်၊ ကြက်ယက်၊ မေလွန်း ကျေးရွာတို့မှ စာသင်ကျောင်းများကိုလည်း ယာယီပိတ်ထားရသည်ဟု ဒေသခံများထံမှ သိရသည်။ 

မင်းပြားမြို့နယ်ရှိ ကမ်းနီတိုင်းဗဟို ၉ စစ်ကောင်စီ လေ့ကျင့်ရေးကျောင်းသို့ မင်းပြားမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေသာပြင်နှင့် ဖားပြို(ချင်း) ကျေးရွာအနီးတွင် AA က ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရန်ကုန် - စစ်တွေ ကားလမ်းမတွင် တိုက်ပွဲဖြစ်ပွားခဲ့နောက် စာသင်ကျောင်းများကို ပိတ်ထားကြခြင်းဖြစ်သည်။ 

“ဒီဖက်မှာတော့ အခြေအနေကိုကြည့်ပြီး စာသင်ကျောင်းတွေ အကုန်လုံးပိတ်ထားရတယ်။ ဒေသခံတွေကလည်း လုံခြုံတဲ့နေရာတွေကို ထွက်ပြေးကြတဲ့သူတွေက ထွက်ပြေးနေကြပြီ” ဟု မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာသား ဦးကြိုင်သာက ပြောသည်။ 

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား တိုက်ပွဲများမှာ နှစ်ဖက်နားလည်မှုဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အပစ်ရပ်ခဲ့ကြပြီး တိုက်ပွဲများငြိမ်သက်နေမှု ၁ နှစ် ပြည့်မည့်အချိန် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တိုက်ပွဲများ တကျော့ပြန်ဖြစ်လာခြင်း ဖြစ်သည်။  

#D014 #DMG

ဗီဒီယိုများ