ကျောက်ဖြူ SEZ အတွက် ESIA လုပ်ငန်းများကို ၂၀၂၃ ခုနှစ်တွင် အပြီးသတ်လုပ်ဆောင်မည်ဟုဆို

အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အသုံးပြုမည့် “ကျောက်ဖြူအထူးစီးပွားရေးဇုန်”စီမံကိန်းအတွက် ESIA လုပ်ငန်းများကို လာမည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာဝန်ယူလုပ်ဆောင်မည့် Myanmar Survey Research(MSR)အဖွဲ့မှ သိရသည်။

23 Sep 2022

Photo Crd - ISP Myanmar China Desk

DMG ၊ စက်တင်ဘာ ၂၃

အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အသုံးပြုမည့် “ကျောက်ဖြူအထူးစီးပွားရေးဇုန်”စီမံကိန်းအတွက် ESIA လုပ်ငန်းများကို လာမည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာဝန်ယူလုပ်ဆောင်မည့် Myanmar Survey Research(MSR)အဖွဲ့မှ သိရသည်။

“ကျောက်ဖြူအထူးစီးပွားရေးဇုန်”စီမံကိန်းကို တရုတ်အစိုးရပိုင် CITIC Consortium က ဆက်လက်လုပ်ကိုင်ရန်စီစဉ်နေပြီး စီမံကိန်းနှင့်ပတ်သက်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှုစစ်တမ်းနှင့် လူမှုစီးပွားထိခိုက်နိုင်မှုစစ်တမ်း (ESIA)လုပ်ငန်းများကို Myanmar Survey Research အဖွဲ့က ဆောင်ရွက်ရန် CITIC Consortium က ငှားရမ်းထားခြင်းဖြစ်သည်။

MSR အဖွဲ့အနေဖြင့် ပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးအပတ်က ဒေသခံများနှင့် လူထုတွေ့ဆုံပွဲကို ကျောက်ဖြူမြို့နယ်တွင် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီး ကျန်လုပ်ငန်းစဉ်များကို လာမည့် ၂၀၂၃ ခုနှစ် မကုန်မီ အပြီးသတ်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

အဆိုပါအဖွဲ့အနေနှင့် ESIA လုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် ဒေသ၏ အခြေခံအချက်အလက်များကို စစ်တမ်းကောက်ယူခြင်း၊ ဒေသခံပြည်သူများ၏ သဘောထားမှတ်ချက်များကို ရယူခြင်းနှင့် စစ်တမ်းများမှ ရရှိလာသောရလာဒ်များကို မှတ်တမ်းပြုလုပ်သွားမည်ဖြစ်ကြောင်း MSR အဖွဲ့၏ တာဝန်ရှိသူများကပြောသည်။

ထို့အပြင် ဒေသခံတစ်ဦးချင်းစီ၏ သဘောထားမှတ်ချက်များကို တွေ့ရှိချက်အတိုင်း တင်ပြသွားမည်ဖြစ်ကြောင်းနှင့် ဒေသခံများ၏ စိုးရိမ်ပူပန်မှုများကိုလည်း စစ်တမ်းတွင်ဖော်ပြသွားမည်ဟု ဆိုသည်။

လက်ရှိ စီမံကိန်းဧရိယာထဲတွင် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနိုင်သည့် အတွင်းဇုန်မှ ကျေးရွာ ၁၆ ရွာပါဝင်နေပြီး အိမ်ထောင်စုပေါင်း ၂၃၀၀ ရှိကြောင်း သိရသည်။ စီမံကိန်း အပြင်ဇုန်တွင် ကျေးရွာပေါင်းငါးဆယ်ကျော်ပါဝင်ပြီး အားလုံးကိုကွင်းဆင်းပြီး စစ်တမ်းကောက်ယူသွားမည်ဟု MSR အဖွဲ့ကဆိုသည်။

အဆိုပါစီမံကိန်းအတွက် EIA လုပ်ငန်းစဉ်များမှာ အလွန်အရေးကြီးသည့်အတွက် ထိုစစ်တမ်းအစီရင်ခံစာများအား လိမ်လည်ခြင်းမျိုး မဖြစ်ရန်နှင့် ရောင်းချရန်သက်သက် ဖြစ်မနေရန်လည်း လိုအပ်ကြောင်း အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ ကိုမျိုးလွင်က ထောက်ပြသည်။

“ဒီစစ်တမ်းတွေက ပြည်သူတွေအတွက် အရမ်းအရေးကြီးပါတယ်။ ဒီတော့ ဒီစစ်တမ်းတွေကို သူတို့လိုချင်တဲ့အတိုင်း ရေးတာမျိုးမဖြစ်ဖို့နဲ့ ဒီစစ်တမ်းတွေကို ရောင်းဖို့သက်သက်လုပ်တာမျိုး မဖြစ်ဖို့လဲလိုအပ်ပါတယ်။ ဒီစစ်တမ်းတွေက ဒီကဒေသခံတွေရဲ့ အမှန်တကယ် သဘောထားဖြစ်ဖို့နဲ့ အမှန်တကယ်တွေ့ရှိချက်တွေကို ထည့်သွင်းတာမျိုးပဲ ဖြစ်စေချင်ပါတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က မဒေးကျွန်းအနီးတစ်ဝိုက်တွင် ရေထုညစ်ညမ်းမှုများဖြစ်ပွားကာ ရေနေသတ္တဝါအချို့ သေကျေပျက်စီးမှုများရှိခဲ့သောကြောင့် ယခုစီမံကိန်းကြီးပြီးစီးပါက ရေထုညစ်ညမ်းမှုများ ယခင်ထက်ပိုဖြစ်လာမည်ကိုစိုးရိမ်မိကြောင်းလည်း ကိုမျိုးလွင်က ဆက်၍ပြောသည်။

ကျောက်ဖြူမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ထိခိုက်မည့် ဒေသခံများအတွက် ယခုကောက်ယူနေသည့် EIA/SIA အစီရင်ခံစာတွင် အဓိကထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း ပြောသည်။

“စီမံကိန်းဖြစ်လာရင် အဲဒီကရတဲ့ အကျိုးအမြတ်ကို ဒေသခံတွေထက် ပြည်ထောင်စုကပဲ တိုက်ရိုက်ရမှာလေ။ ဒီမှာရှိတဲ့ ဒေသခံတွေက မူရင်းအလုပ်တွေပျောက်ပြီး ဝန်ထမ်းဘဝနဲ့ မရေရာမှုတွေပဲ ကြုံတွေ့ရမှာ။ ပြီးတော့ စီမံကိန်းမှာ ဒေသခံဘယ်လောက် အလုပ်အကိုင်ရမယ်ဆိုတာကိုလည်း မသိရသေးဘူး။ ဒီတော့ လူထုအတွက်က စီမံကိန်းကြောင့် အများကြီးထိခိုက်မှုမရှိဖို့လိုတယ်။ တကယ်လို့ ထိခိုက်မှုတွေများမယ့် စီမံကိန်းဆိုရင်တော့ ကန့်ကွက်သွားရမှာပါပဲ”ဟု ဦးဖိုးစံကဆိုသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက်စာချုပ်ကို CITIC ကုမ္ပဏီနဲ့ မြန်မာအစိုးရတို့အကြား ၂၀၁၈ ခုနှစ်က ချုပ်ဆိုခဲ့သည်။

ကျောက်ဖြူ SEZ စီမံကိန်းဖော်ဆောင်ရန် CITIC အုပ်စုနှင့် မြန်မာအစိုးရဘက်မှ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ(KPSEZ-MC)တို့ ဖက်စပ်စာချုပ်တစ်ခု ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်ကို ပူးပေါင်းထူထောင်ခဲ့ကြသည်။

အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအား ပုံဖော်ခြင်း၊ ဒီဇိုင်းဆွဲခြင်း၊ ဆောက်လုပ်ခြင်း၊ ဘဏ္ဍာရေး၊ လုပ်ငန်းလည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လုပ်ငန်းလွှဲပြောင်းသည့်ကိစ္စများကို စီမံကိန်းကုမ္ပဏီက လုပ်ဆောင်မည်ဖြစ်သည်။

စာချုပ်ပါ သဘောတူညီချက်များအရ မဒေးကျွန်းရေနက်ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းရေနက်ဆိပ်ကမ်းစီမံကိန်း အစိတ်အပိုင်းများ၊ စီမံကိန်းတည်ရှိသော ကျွန်းနှစ်ကျွန်းကိုဆက်သွယ်မည့် ၁၅- ကီလိုမီတာအရှည်၊ ၄-လမ်းမောင်းလမ်းနှင့် တံတားတည်ဆောက်ရေးလုပ်ငန်းများအတွက် ESIA လေ့လာဆန်းစစ်ခြင်းများကို Myanmar Survey Research အဖွဲ့က လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၏ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းကို CITIC ကုမ္ပဏီကပိုင်ဆိုင်ပြီး မြန်မာအစိုးရက ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။

ဗီဒီယိုများ