အလှူရှင်နည်းလာ၍ ရခိုင်က လူမှုကူညီရေးအသင်းများ ရပ်တည်ရခက်ခဲနေ

လူမှုကူညီရေးအသင်းများမှာ အသင်းဝင်များ၏ လစဉ်ကြေးအပါအဝင် သာရေး၊ နာရေး၊ ကျန်းမာရေးကိစ္စရပ်များကို ကူညီရာမှရရှိလာသော အလှူငွေနှင့် အခြား ပုဂ္ဂလိကအလှူငွေများဖြင့် လည်ပတ်နေကြခြင်း ဖြစ်သည်။

By Admin 02 Sep 2023

ဓာတ်ပုံ -  ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
ဓာတ်ပုံ -  ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

DMG ၊ စက်တင်ဘာ ၂

ရခိုင်ပြည်အတွင်းက ပြည်သူများ၏ သာရေး/နာရေးအပါအဝင် နေ့စဉ်လူမှုဘဝ ကိစ္စရပ်များတွင် အခမဲ့ ကူညီပေးနေကြသော လူမှုကူညီရေးအသင်းများမှာ မုန်တိုင်းအလွန်ကာလတွင် ရပ်တည်ရ ခက်ခဲလာကြောင်း အသင်းတာဝန်ရှိသူများက ပြောဆိုကြသည်။

မုန်တိုင်းအလွန်တွင် စီးပွားရေးကျပ်တည်းမှုကြောင့် အလှူရှင်များ နည်းပါးခြင်း၊ အသင်းဝင်များက လစဉ်ကြေး ပုံမှန်မထည့်နိုင်ခြင်းကြောင့် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြသည်။

“ပြင်ပအလှူရှင်တွေ ရှားလာတော့ လတိုင်း ငွေတွေ အနုတ်ပြနေတယ်။ ရန်ပုံငွေထဲကပဲ ထုတ်သုံးနေရတော့ ရန်ပုံငွေတွေကလည်း လုံးပါးပါးနေပြီ” ဟု မြောက်ဦးမြိုမှ ကရုဏာလှိင်း သွေးအလှူရှင်များအသင်း ဥက္ကဌ ဦးအောင်သန်းထွန်းက ပြောသည်။

လူမှုကူညီရေးအသင်းများမှာ အသင်းဝင်များ၏ လစဉ်ကြေးအပါအဝင် သာရေး၊ နာရေး၊ ကျန်းမာရေးကိစ္စရပ်များကို ကူညီရာမှရရှိလာသော အလှူငွေနှင့် အခြား ပုဂ္ဂလိကအလှူငွေများဖြင့် လည်ပတ်နေကြခြင်း ဖြစ်သည်။

အလုပ်အကိုင်ရှားပါးမှုနှင့်အတူ ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ကို ပြည်သူများ ရင်ဆိုင်နေရချိန်တွင် လူမှုကူညီရေးအဖွဲများမှာ ရသမျှအလှူငွေဖြင့် အဆင်ပြေအောင် လည်ပတ်နေကြရပြီး လူမှုကူညီရေးလုပ်ငန်းတွင် အသုံးပြုနေရသော ကားများကို ဆီဖြည့်ခြင်း၊ ကားပြုပြင်ထိန်းသိမ်းရေးများအတွက် အခက်အခဲဖြစ်နေကြသည်။

လက်ရှိကာလတွင် စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်နေခြင်းမှာလည်း လူမှုကူညီရေးအသင်းများအတွက် အဓိက စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေသည်။

“အကူအညီတောင်းလာရင် ကူညီပေးရမှာက ကျနော်တိုတာဝန်ပဲ။ စစ်တွေကနေ မင်းပြား၊ မြေပုံတိုကို သူတိုတတ်နိုင်သလောက် သုံးလေးသောင်းလောက် အလှူထည့်ကြတယ်။ အသင်းက စိုက်သုံးရတာများပါတယ်” ဟု စစ်တွေအခြေစိုက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဌ ဦးမင်းထည်ဝါက ပြောသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတွင် လူမှုရေးလုပ်ငန်းများအတွက် အသုံးပြုသည့် မော်တော်ယာဉ် ၁၆ စီးရှိပြီး အသင်းတစ်ခုလုံး၏ တစ်လအသုံးစရိတ်ကုန်ကျငွေမှာ သိန်းတစ်ရာနီးပါးရှိကြောင်း သိရသည်။

အလားတူ စစ်တွေအခြေစိုက် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းမှာလည်း အလှူငွေရရှိမှု နည်းပါးလာ၍ လတ်တလောတွင် ချေးငွေများနှင့် လည်ပတ်နေရကြောင်း အသင်းတာဝန်ရှိသူက ပြောသည်။ အသင်း၏ တစ်လအသုံးစရိတ်မှာ သိန်း ၃၀ ကျော်ခန့်ရှိပြီး အလှူငွေရရှိမှုမှာ တစ်လလျှင် ၁၀ သိန်း ဝန်းကျင်သာရှိကြောင်း သိရသည်။

ပြည်သူများ (အထူးသဖြင့်) ဆင်းရဲသားပြည်သူများမှာ သာရေး/နာရေးနှင့် ကျန်းမာရေးကိစ္စရပ်များအတွက် အရေးပေါ်သွားလာရာတွင် လူမှုကူညီရေးအသင်းများကို အားထားနေကြရခြင်းဖြစ်သည်။

“ကျနော်တိုလို လူမှုကူညီရေးအဖွဲတွေသာ ငွေကြေးအခက်အခဲကြောင့် ရပ်နားသွားခဲ့ရင် ပြည်သူတွေအတွက်က တအားအခက်အခဲဖြစ်မှာ” ဟု ကျောက်ဖြူမြိုမှ လေးရပ်ဝတီ သွေးအလှူရှင်များအသင်း ဒု-ဥက္ကဌ ကိုအောင်ဖြိုးဝေ ကပြောသည်။

ထိုကြောင့် ပြည်သူများကို တစ်ထောင့်တစ်နေရာမှ ကူညီပေးနိုင်ရေးအတွက် လူမှုကူညီရေးအသင်းများမှာ ရန်ပုံငွေလိုအပ်ချက်ကြားထဲမှ အားတင်းကာ ဆက်လက်ရပ်တည်နေရကြောင်း အသင်းတာဝန်ရှိသူများက ပြောဆိုကြသည်။

#I010

ဗီဒီယိုများ