ရခိုင်ပြည်အနှံ့ အခမဲ့ဖြန့်ဖြူးပေးရန် သစ်ပင်နှစ်သောင်းကျော် ပျိုးထောင်စိုက်ပျိုးနေ

ထိုသို့ဆောင်ရွက်ရခြင်းမှာ ရခိုင်ပြည်အတွင်း  ပြုန်းတီးလာသည့် သစ်တောများနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို အထောက်အကူပြုရန်အတွက် ဖြစ်သည်ဟု စိမ်းလန်းစီအဖွဲ့က ဆိုသည်။  

By Admin 14 Feb 2023

မြောက်ဦးမြို့တွင် 'စိမ်းလန်းစီ'အဖွဲ့မှ စိုက်ပျိုးထားသည့် ပျိုးခြံအားတွေ့ရစဉ်။/ဓာတ်ပုံ -  စိမ်းလန်းစီ (Facebook )
မြောက်ဦးမြို့တွင် 'စိမ်းလန်းစီ'အဖွဲ့မှ စိုက်ပျိုးထားသည့် ပျိုးခြံအားတွေ့ရစဉ်။/ဓာတ်ပုံ -  စိမ်းလန်းစီ (Facebook )

DMG ၊ ဖေဖော်ဝါရီ ၁၄

မြောက်ဦးမြို့အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်နေသည့် ‘စိမ်းလန်းစီ’အဖွဲ့က ရခိုင်ပြည်အနှံ့တွင် သစ်ပင်များ အခမဲ့ ဖြန့်ဖြူး၊ စိုက်ပျိုးပေးနိုင်ရန် ရည်ရွယ်ပြီး သစ်ပင်နှစ်သောင်းကျော်ကို ယခုနှစ် ဇန်နဝါရီလမှစတင်ကာ ပျိုးထောင်စိုက်ပျိုးနေကြောင်း သိရသည်။ 

လက်ရှိစိုက်ပျိုးနေသည့် ပျိုးပင်များမှာ တပေဘူတ၊ မန်ဂျန်ရှား၊ ပိတောက်၊ စိန်ပန်း စသည့် အရိပ်အာဝါသရမည့် နှစ်ရှည်သစ်ပင်များဖြစ်ပြီး ရခိုင်ပြည်အတွင်းရှိ မည်သည့်မြို့နယ်များမှမဆို မှာယူလာပါက အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း စိမ်းလန်းစီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်မင်းစိုးက ပြောသည်။

“ဘယ်မြို့နယ်ကပဲဖြစ်ဖြစ် အပင်စိုက်ချင်တဲ့ ရည်ရွယ်ချက်ရှိရင် ကျနော်တို့စိန်းလန်းစီနဲ့ လာပူးပေါင်းလို့ရပါတယ်။ ကျနော်တို့က နောက်နှစ်မိုးရာသီလောက်ဆိုရင် ဒီပျိုးခင်းကထွက်တဲ့ ပျိုးပင်တွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်” ဟု ကိုမြတ်မင်းစိုးက ပြောသည်။

အဆိုပါပျိုးပင်များကို မြောက်ဦးမြို့ခံ လူမှုပရဟိတ အဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပမှ ရခိုင်အဖွဲ့အစည်းများ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် စိုက်ပျိုးနေခြင်းဖြစ်ပြီး လာမည့်မိုးရာသီအတွင်း ရခိုင်ပြည်အနှံ့သို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရခြင်းမှာ ရခိုင်ပြည်အတွင်း  ပြုန်းတီးလာသည့် သစ်တောများနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို အထောက်အကူပြုရန်အတွက် ဖြစ်သည်ဟု စိမ်းလန်းစီအဖွဲ့က ဆိုသည်။  

လက်ရှိတွင် စိမ်းလန်းစီ အဖွဲ့အနေဖြင့် ကျောက်တော်-မြောက်ဦး ကားလမ်းနံဘေးနှင့် မြောက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင်လည်း သစ်ပင်တစ်ထောင်ကျော်ကို စိုက်ပျိုးထားပြီဖြစ်ကြောင်း သိရသည်။ 

စိမ်းလန်းစီအဖွဲ့၏ ဆောင်ရွက်မှုမှာ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းနေသည့် ရခိုင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အင်အားတစ်ခုဖြစ်ပြီး ထိုသို့လုပ်ဆောင်ချက်များမှာ ရခိုင်ဒေသအတွင်း များစွာပေါ်ပေါက်လာရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်နေသူဖြစ်သည့် အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။

“ရခိုင်မှာ သစ်တောပြုန်းတီးမှုတွေ ရှိနေသလို အစားထိုးစိုက်ပျိုးမှုတွေ အရမ်းနောက်ကျနေတဲ့အချိန်မှာ အခုလို အခမဲ့ လှူဒါန်းပေးမယ့် အဖွဲ့တစ်ဖွဲ့ပေါ်လာတာက ဝမ်းသာစရာ သတင်းကောင်းပဲ ဖြစ်ပါတယ်။ ဒီလို လုပ်တဲ့အဖွဲ့တွေလည်း အများကြီး ပေါ်ပေါက်လာဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိမှာ ရခိုင်ဒေသအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်၍ အသိပညာအားနည်းချက်များ ရှိနေသေးပြီး စိုက်ပျိုးထားသည့်သစ်ပင်များကို ရည်ရွယ်ချက်မဲ့ ခုတ်လှဲဖျက်ဆီးမှုများနှင့် စိုက်ပျိုးထားသည့် ပျိုးပင်များကို ကျွဲ၊ နွားများ ဝင်ရောက်စားသောက်ခြင်းတို့မှ ကာကွယ်နိုင်ဖို့ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း  ကိုမျိုးလွင်က ထောက်ပြပြောဆိုသည်။ 

သစ်တောပြုန်းတီးမှုနှင့် ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် ၂၀၂၂ ခုနှစ်အတွင်း ရခိုင်ပြည် မြောက်ပိုင်းမြို့နယ်တို့တွင် မိုးရေချိန်နည်းပါးခြင်းကို တွေ့ကြုံခဲ့ကြရပြီး စိုက်ပျိုးထားသည့် လယ်ယာမြေအများအပြား ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။ 

ထို့သို့ မိုးရွာသန်းမှု နည်းပါးခြင်း၊ မိုးခေါင်ခြင်းများမှာ လာမည့်နှစ်များတွင်လည်း တွေ့ကြုံလာနိုင်သောကြောင့် ရခိုင်တွင် သစ်တောများ အစားထိုးစိုက်ပျိုးရန်နှင့် ရှိပြီးသားသစ်ပင်များကို ထိမ်သိမ်းစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေကြောင်း ရခိုင်ပြည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြောဆိုထားသည်။ 

#I008 

ဗီဒီယိုများ