ဆမီးမြို့က စစ်ဘေးရှောင် ၁,၅၀၀ ကျော် မိမိသဘောဆန္ဒဖြင့် နေရပ်ပြန်ဟု စစ်ကောင်စီပြော (စစ်ကောင်စီ ဖိအားပေး၍ နေရပ်ပြန်ရခြင်းဟု စစ်ဘေးရှောင်များဆို)

စစ်ဘေးရှောင်များ နေရပ်ပြန်သွားကြပြီဖြစ်၍ ၎င်းတို့ယာယီနေထိုင်ခဲ့သော ဆမီးမြို့မှ စည်ပင်၊ မျိုးပိုင်ကုန်း၊ ထွေ/အုပ်နှင့် ပျံကျဈေး စစ်ဘေးရှောင်စခန်းတို့ကို ပိတ်သိမ်းပြီးဖြစ်ကြောင်း စစ်ကောင်စီက ကြေငြာသည်။ 

By Admin 29 Mar 2023

ဆမီးမြို့မှ နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MRTV
ဆမီးမြို့မှ နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MRTV

DMG ၊ မတ် ၂၉

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်အိမ်ထောင်စု ၃၆၃ စု၊ လူဦးရေ ၁,၅၀၄ ဦးမှာ ၎င်းတို့မူလနေထိုင်ရာ ကျေးရွာများသို့ မိမိသဘောဆန္ဒဖြင့် ပြန်သွားကြပြီဖြစ်ကြောင်း စစ်ကောင်စီပိုင် MRTV ရုပ်မြင်သံကြားမှတစ်ဆင့် ယနေ့ထုတ်ပြန်သည်။ 

စစ်ဘေးရှောင်များ နေရပ်ပြန်သွားကြပြီဖြစ်၍ ၎င်းတို့ယာယီနေထိုင်ခဲ့သော ဆမီးမြို့မှ စည်ပင်၊ မျိုးပိုင်ကုန်း၊ ထွေ/အုပ်နှင့် ပျံကျဈေး စစ်ဘေးရှောင်စခန်းတို့ကို ပိတ်သိမ်းပြီးဖြစ်ကြောင်း စစ်ကောင်စီက ကြေငြာသည်။ 

ယခုကိစ္စနှင့်ပတ်သက်၍ စစ်ဘေးရှောင်များအား DMG က မေးမြန်းကြည့်ရာ မိမိသဘောဆန္ဒအရ နေရပ်ပြန်ကြခြင်း မဟုတ်ဘဲ စစ်ကောင်စီက စခန်းပိတ်သိမ်းမည်ဟုဆိုကာ ဖိအားပေးသည့်အတွက် ယမန့်နေ့ မတ်လ ၂၈ ရက်နေ့က နေရပ်ပြန်လာခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ 

“ကျနော်တို့ကို စစ်ဘေးရှောင်စခန်းက ထွက်သွားပေးဖို့ ပြောတာကြောင့်  ထွက်လာရတာ။ နိုင်ငံတော်အဆင့်နဲ့ဆိုရင် ဒုက္ခသည်စခန်းတွေ မရှိရဘူးဆိုပြီး နှစ်ရက်တစ်ခါ အစည်းအဝေးခေါ်ပြီး ပြောတယ်။ ကျနော်တို့က အထောက်အပံ့မရတော့မယ့်အစား နေရပ်ပြန်တော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ” ဟု ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ 

နေရပ်ပြန်သူများကို စစ်ကောင်စီက တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှင့် အဝတ်ထည့်ပုံးတစ်လုံး၊ ပန်းကန်တစ်ချပ်၊ ဇွန်းအပြင် လူသုံးကုန်ပစ္စည်းအချို့ကို ထောက်ပံ့ပေးကြောင်း စစ်ဘေးရှောင်များက ဆိုသည်။ 

“နေရပ်သို့ အပြီးအပိုင်ပြန်ရတာပါ။ ပြန်တဲ့အခါ လမ်းခရီးအဆင်ပြေအောင်တော့ ပံ့ပိုးပေးတယ်။ ကားတွေ၊ လှေတွေ စီစဉ်ပြီး အိမ်အရောက်ထိတော့ ပို့ပေးတယ်” ဟု နေရပ်ပြန်လာသူတစ်ဦးက ပြောသည်။ 

နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များမှာ ပလက်ဝမြို့နယ်၊ စိမ်းစမ်း၊ ဝက်မ၊ လိပ်ခေါင်း၊ ပြိုင်တိန်၊ စာဘူးတောင်၊ ငမြင်းတောင်၊ ကိုးဝ၊ ဆားဝ၊ မိတ်စာဝ အစရှိသည့် ကျေးရွာပေါင်း ၂၀ ခန့်က ဒေသခံများ ဖြစ်ကြသည်။ 

၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လဆန်းပိုင်းမှစ၍ ပလက်ဝမြို့နယ်၊ မီးချောင်းကျေးရွာအနီးနှင့် ကုလားတန်မြစ်ကြောင်း တစ်လျှောက်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆမီးမြို့ပေါ် ခိုလှုံခဲ့ကြသည်မှာ ၃ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

နေရပ်ပြန်မည်ဆိုပါက မိုင်းအန္တရာယ်စိုးရိမ်သဖြင့် မိုင်းရှင်းလင်းပေးဖို့အတွက် စစ်ကောင်စီထံ အကြိမ်ကြိမ် တောင်းဆိုခဲ့ကြသော်လည်း မိုင်းရှင်းလင်းရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာပြောဆိုခြင်းမရှိဟု ပလက်ဝမြို့နယ်၊ လယ်လှကျေးရွာသားတစ်ဦးက ပြောသည်။ 

“ကျနော်တို့ကို နေရပ်ပြန်ခိုင်းကတည်းကနေ နေအိမ်ပြန်ဆောက်ပေးဖို့နဲ့ မိုင်းရှင်းလင်းပေးဖို့ တောင်းဆိုခဲ့တယ်။ အခုနေရပ်ပြန်တော့လည်း  ရွာမှာ ဘာမှမဖြစ်ဘူးလို့ပဲ သူတို့ကပြောတယ်” ဟု ၎င်းက ပြောသည်။ 

နေရပ်ပြန်လာကြသည့် ပလက်ဝဒေသခံများမှာ တောတောင်များကို မှီခိုကြရသူများဖြစ်ပြီး မိုင်းအန္တရာယ်၊ လုပ်ကိုင်စားသောက်ရေး စသည့် အခက်အခဲများ ရှိနေသည့်အတွက် ဘဝရပ်တည်ရေးစိန်ခေါ်မှုများ ရှိနေသည်။ 

ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲ ရပ်တန့်ချိန်စမှစ၍ စစ်ကောင်စီအစီအစဉ်ဖြင် စစ်ဘေးရှောင်စခန်းအသီးသီးမှ နေရပ်ပြန်သွားကြသည့် လူဦးရေ ၆,၀၀၀ ကျော်အထိ ရှိလာနေပြီဖြစ်သည်။ 

#I008

ဗီဒီယိုများ