ရခိုင်တွင် သင်္ကြန်ကာလ စက်သုံးဆီသုံးစွဲမှု အခက်တွေ့လာနိုင် 

ရခိုင်ပြည် မြို့နယ်တချို့က စက်သုံးဆီဆိုင်ကြီးများတွင် ဆီနည်းပါးနေပြီဖြစ်၍ ယခုနှစ် သင်္ကြန်ကာလအတွင်း စက်သုံးဆီသုံးစွဲမှုနှင့်ပတ်သက်၍ ပြည်သူများ အခက်တွေ့လာနိုင်သည်။ 

By Admin 09 Apr 2023

ရခိုင်တွင် သင်္ကြန်ကာလ စက်သုံးဆီသုံးစွဲမှု အခက်တွေ့လာနိုင် 

DMG ၊ ဧပြီ ၉

ရခိုင်ပြည် မြို့နယ်တချို့က စက်သုံးဆီဆိုင်ကြီးများတွင် ဆီနည်းပါးနေပြီဖြစ်၍ ယခုနှစ် သင်္ကြန်ကာလအတွင်း စက်သုံးဆီသုံးစွဲမှုနှင့်ပတ်သက်၍ ပြည်သူများ အခက်တွေ့လာနိုင်သည်။ 

လက်ရှိ စစ်တွေ၊ သံတွဲ စသည့်မြို့များမှ စက်သုံးဆီဆိုင်ကြီးတချို့မှာ ဆီပြတ်လပ်မည့် အခြေအနေဖြစ်နေပြီး တချို့ဆီဆိုင်များလည်း ပြည်မဘက်မှ မှာယူထားမှုများရှိသော်လည်း လမ်းခရီးကြန့်ကြာမှုကြောင့် သင်္ကြန်အမီ ရောက်ရှိနိုင်ခြေနည်းပါးကြောင်း စက်သုံးဆီပိုင်ရှင်များက ပြောဆိုကြသည်။ 

“ဆီကတော့ မနက်ဖြန်တစ်ရက်ဆိုရင် ပြတ်လပ်သွားမယ့် အခြေအနေဖြစ်နေတယ်။ ကျနော်တို့မှာတော့ ပြည်မဘက်က ဆီမှာယူထားပါတယ်။ ဒါပေမယ့် သင်္ကြန်ကာလအတွင်း လမ်းပိတ်တာနဲ့ လမ်းခရီးကြန့်ကြာမှုတွေ ရှိမယ်ဆိုရင် အဲဒီဆီတွေက ဒီဖက်ကို ရောက်နိုင်မှာမဟုတ်ဘူး။ အဲဒီလိုဆိုရင် သင်္ကြန်မှာ ဆိုင်ပိတ်ထားရမှာပဲ” ဟု စစ်တွေမြို့တွင်းရှိ စက်သုံးဆီဆိုင်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

ငပလီကမ်းခြေရှိသော သံတွဲမြို့တွင် သင်္ကြန်ကာလ ခရီးသွားဝင်ရောက်မှု များပြားမည်ဖြစ်၍ စက်သုံးဆီသုံးစွဲမှု ပိုများလာနိုင်သဖြင့် ဆီပြတ်လပ်နိုင်ကြောင်း ဆီဆိုင်ပိုင်ရှင်များက ပြောကြသည်။ 

“သံတွဲမှာဆိုရင် ငပလီကိုလာတဲ့ ခရီးသည်တွေမှာ ပါလာတဲ့ကားတွေက အရမ်းများတော့ သင်္ကြန်အတွင်း ဆီပြတ်လပ်မယ့် အခြေအနေရှိတယ်။ ကျနော့်ဆိုင်မှာဆိုရင်လည်း ဆီတွေကုန်တော့မယ်။ ဘာဖြစ်လဲလို့ဆိုတော့ ဆီတွေက ခွဲတန်းနဲ့ဝယ်ရတာဆိုတော့ သင်္ကြန်အတွင်းမှာ လူများတဲ့အတွက် ဆီမလုံလောက်နိုင်ဘူး” ဟု သံတွဲမြို့မှ ဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ 

စက်သုံးဆီဆိုင်ကြီးတချို့မှာ သင်္ကြန်ကာလအတွင်း အချိန်ပြည့်ရောင်းချမည် ဖြစ်သော်လည်း အများစုမှာ နေ့တစ်ဝက်သာ ရောင်းချသွားမည်ဖြစ်၍ လမ်းဘေးဆီဆိုင်များတွင် ဈေးနှုန်းမြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

စစ်တွေမြို့မှ သုံးဘီးမောင်းသူ ဦးသိန်းအောင်က “အရင်နှစ် သင်္ကြန်တုန်းကဆိုရင်လည်း ဆီပြတ်လပ်ခဲ့တယ်။ လမ်းဘေးဆီဆိုင်တွေမှာ တစ်လီတာကို ၃,၅၀၀  ကျပ်နဲ့ ဝယ်ထည့်ခဲ့ရတယ်။ ဒီနှစ်မှာလည်း အဲဒီလို ဖြစ်မှာကို စိုးရိမ်တယ်။ ဆီဈေးမြင့်တက်တဲ့အတွက် သုံးဘီးငှားခနဲ့ ဆီဈေး တွက်ခြေမကိုက် ဖြစ်သွားတယ်” ဟု ပြောသည်။ 

စစ်တွေမြို့ရှိ စက်သုံးဆီဆိုင်ကြီးများတွင် အောက်တိန်းဆီ(92)တစ်လီတာကို ၂,၃၉၅ ကျပ်၊ အောက်တိန်း(95) တစ်လီတာကို ၂,၄၆၅ ကျပ်နှင့် ပရီမီယမ် ဒီဇယ်ဆီတစ်လီတာကို ၂,၃၇၅ ကျပ် ဝန်းကျင်ဈေးနှုန်းများရှိပြီး လမ်းဘေးဆီဆိုင်များတွင် အောက်တိန်း တစ်လီတာကို ၂,၇၀၀ ကျပ်အထိ ဈေးမြင့်တက်နေသည်။ 

သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သင်္ကြန်ကာလအတွင်း ဆီဈေးနှုန်းမြင့်တက်မှုနှင့် ဆီပြတ်လပ်မှုမဖြစ်စေရန် စီမံဆောင်ရွက်သင့်ကြောင်း စစ်တွေမြို့မှ ဦးထွန်းဝင်းနိုင်က ပြောသည်။ 

“ဆီဆိုင်ကြီးတွေမှာ ဆီတွေပြတ်သွားရင်တော့ ရတဲ့ဆိုင်ကနေ ဝယ်ရမှာပဲ။ သင်္ကြန်အတွင်းဆိုရင် တစ်လီတာကို အနည်းဆုံး လေးထောင်လောက် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အစိုးရတွေအနေနဲ့ ဆီဆိုင်ပိုင်ရှင်တွေနဲ့ စကားပြောဖို့လိုတယ်” ဟု ဦးထွန်းဝင်းနိုင်က ပြောသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည် စစ်ကောင်စီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း နှင့် ရခိုင်ပြည်နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။ 

#I001

ဗီဒီယိုများ