မစ္စတာ ဆာဆာကာဝါ ရခိုင်သို့ ရောက်ရှိနေ

ယနေ့နံနက် ၉ နာရီခန့်က မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိခဲ့ပြီး စစ်ဘေးရှောင်များအတွက် အဝတ်အထည်များပေးခဲ့ကြောင်း သိရသည်။

By Admin 04 Feb 2023

ဓာတ်ပုံ - Arakan Princess Media
ဓာတ်ပုံ - Arakan Princess Media

DMG ၊ ဖေဖော်ဝါရီ ၄

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါသည် ယနေ့(ဖေဖော်ဝါရီလ ၄ ရက်)တွင် ရခိုင်သို့ရောက်ရှိနေပြီး စစ်ဘေးရှောင်စခန်းများသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီခန့်က မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိခဲ့ပြီး စစ်ဘေးရှောင်များအတွက် အဝတ်အထည်များပေးခဲ့ကြောင်း သိရသည်။

မစ္စတာ ဆာဆာကာဝါနှင့် မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် စုစုပေါင်းလူဦးရေ ၁၃ ဦးခန့်သည် တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း တိမ်ညိုစခန်းတာဝန်ခံ ဦးစိုးနိုင်က DMG ကို ပြောသည်။

“စစ်ဘေးရှောင်တစ်ယောက်ကို အနွေးထည်တစ်လုံးစီ ပေးခဲ့ပါတယ်။ နေရပ်ပြန်ဖို့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြောခဲ့တာတော့ မရှိပါဘူး။ တိမ်ညိုစခန်းက ထွက်တာနဲ့ မြောက်ဦးက နေရာနှစ်ခုကို ဝင်မယ်လို့သိရပါတယ်”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့မှစတင်ပြီး အပစ်ရပ်စဲခဲ့သည်မှာ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့်ဖြစ်သည်ဟု AA က ပြောဆိုထားသည်။ ၎င်းသည် ရခိုင်ပြည် ငြိမ်းချမ်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးရာတွင် ထင်ရှားသူလည်း ဖြစ်သည်။

မစ္စတာ ဆာဆာကာဝါသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ရခိုင်ပြည်မြောက်ပိုင်းမှ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တိုက်တွန်းခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင်လည်း မစ္စတာ ဆာဆာကာဝါသည် ရခိုင်သို့ရောက်ရှိခဲ့ကာ IDP စခန်းများသို့ သွားရောက်လေ့လာခဲ့သည်။

မစ္စတာ ဆာဆာကာဝါ၏ ယခုရခိုင်ပြည်ခရီးစဉ်မှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စစ်တွေမှ ရန်ကုန်ကိုပြန်မည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

မစ္စတာ ဆာဆာကာဝါ လာရောက်သည့်ခရီးစဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပေ။

#R005

ဗီဒီယိုများ