တောဖျားချောင်းဒေသက စစ်ဘေးရှောင် ၆၅၀ ကျော် စားဝတ်နေရေး ဒုက္ခတွေ့နေ

ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ အထက်ပိုင်းရှိ အထက်သင်ပုန်းတန်း၊ ခွေးထီး နှင့် ဖားကြွယ် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ၆၅၀ ကျော်မှာ အကူအညီအထောက်ပံ့ တစ်စုံတစ်ရာ မရရှိတော့သဖြင့်  စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရသည်။

By Admin 11 Apr 2023

၂၀၂၁ ခုနှစ်က မှတ်တမ်းတင်ထားသော တောဖျားချောင်းဒေသမှ စစ်ဘေးရှောင်များ။
၂၀၂၁ ခုနှစ်က မှတ်တမ်းတင်ထားသော တောဖျားချောင်းဒေသမှ စစ်ဘေးရှောင်များ။

DMG ၊ ဧပြီ ၁၁

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ အထက်ပိုင်းရှိ အထက်သင်ပုန်းတန်း၊ ခွေးထီး နှင့် ဖားကြွယ် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ၆၅၀ ကျော်မှာ အကူအညီအထောက်ပံ့ တစ်စုံတစ်ရာ မရရှိတော့သဖြင့်  စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

၎င်းတို့သည် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ တိုက်ပွဲများကြောင့် ရခိုင်ဒေသတွင် အစောဆုံး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် စစ်ပြေးရှောင်များဖြစ်ပြီး သဗြုချောင်း၊ ကျောက်စရောင်၊ မောင်နှမ၊ ဖက်ဝန်းချောင်း၊ နတ်သရွေး၊ အဝန်းတောင် စသည့် ကျေးရွာတို့မှဖြစ်သည်။ 

စစ်ဘေးရှောင်များမှာ  တောတောင်များတွင် သစ်ဝါးခုတ်ကာ စားဝတ်နေရေး ဖြေရှင်းနေရသော်လည်း လက်ရှိမှာ လုပ်ငန်းရှင်များ လာရောက်ဝယ်ယူမှု နည်းပါးလာခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ပို၍ အကျပ်အတည်းဖြစ်နေရခြင်း ဖြစ်သည်။ 

“သင်္ကြန်နီးတော့ သစ်ဝယ်ဖို့လည်း မလာကြတော့ဘူး။ အရင်လတွေကတော့ အရောင်းအဝယ်နည်းနည်းဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ရလိုက်တဲ့ ဈေးနှုန်းနဲ့ လက်ရှိ ကုန်ဈေးနှုန်းတက်တာနဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး။ အခုဆိုရင် အရောင်းအဝယ်လည်းမဖြစ်တော့ ကျနော်တို့မှာ သိပ်အခက်အခဲဖြစ်ရပါတယ်” ဟု ဖားကြွယ် စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးကျော်သာမောင်က ပြောသည်။

တောဖျားချောင်းဒေသတွင် (ကောက်ကြီး)ဆန်တစ်အိတ်ကို ခုနစ်သောင်းကျပ်ထိ ဈေးနှုန်းရှိပြီး လက်ရှိမှာ စားဝတ်နေရေးအတွက် ဆန်အဓိက လိုအပ်နေပြီး နိုင်ငံတကာ၊ အစိုးရနှင့် အရပ်ဘက်အဖွဲ့များ၏ ထောက်ပံ့မှုများကိုလည်း မရရှိတော့ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ 

“အရင်ကဆိုရင် WFP က ဆန်ထောက်ပံ့တော့ ကျနော်တို့မှာ တောင်ပေါ်က ထင်းခုတ်လို့ရတဲ့ ပိုက်ဆံနဲ့ စားဝတ်နေရေး အဆင်ပြေသေးတယ်။ အခု WFP ကလည်း မထောက်ပံ့တော့ စားဝတ်နေရေး သိပ်အခက်အခဲ ဖြစ်ပါတယ်။ ထင်းအချောင်း ၁၀၀ ရောင်းလို့ ၂,၅၀၀ ကျပ်ပဲရတယ်။ ဆန်တစ်တောင်းကို ၁၆,၀၀၀ ကျပ်ရှိတယ်။ ကျနော်တို့ လုံးဝ လိုက်မမီဘူး။ သိပ်အခက်အခဲ ဖြစ်နေရပါတယ်” ဟု ခွေးထီး စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးစိန်မောင်က ပြောသည်။ 

အဆိုပါ စစ်ဘေးရှောင်စခန်းများကို ပြီးခဲ့သည့်မတ်လအတွင်း ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များအသင်း (PDYO) က လူအသုံးအဆောင်ပစ္စည်းတချို့ သွားရောက်ထောက်ပံ့ပေးခဲ့သည်။ 

PDYO အသင်းဉက္ကဌ ကိုသိန်းဝဏ္ဏက “အဲဒီက စစ်ဘေးရှောင်တွေ တကယ့်တကယ် ဒုက္ခရောက်နေရတာပါ။ ဘာလို့လဲဆိုရင် သူတို့ဒေသက ခရီးအရမ်းဝေးတော့ စားသောက်ကုန်တွေက ဈေးမနည်းကွာတယ်။ အခုက သင်္ကြန်လည်း ရောက်တော့မယ်ဆို‌တော့ ပိုပြီး အခက်အခဲရှိနိုင်ပါတယ်။ သူတို့စားဝတ်နေရေး သိပ်ဒုက္ခရောက်နေကြတာ။ ဖြစ်နိုင်ရင် INGO တွေ၊ အရပ်ဖက်အဖွဲ့တွေက သူတို့ကို အကူအညီအထောက်ပံ့လေးတွေတော့ သွားပေးစေချင်ပါတယ် ” ဟု ပြောသည်။

သွားလာရခက်ခဲပြီး ဝေးလံခေါင်ပါးသော တောဖျားချောင်းဒေသမှ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပေ။ 

လက်ရှိတွင် လူသားချင်းစာနာမှုကိုအခြေခံကာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား ယာယီအပစ်ရပ်စဲပြီးနောက် ၄ လကျော်အတွင်း စစ်ကောင်စီ အစီအစဉ်ဖြင့် စစ်ဘေးရှောင်စခန်းအသီးသီးမှ မိမိနေရပ်သို့ ပြန်သွားသူများလည်း ရှိလာနေသည်။ 

သို့သော်လည်း တောဖျားချောင်းဒေသက စစ်ဘေးရှောင်တို့မှာ မိမိနေရပ်တွင် နေထိုင်စရာအိမ်မရှိတော့ခြင်း၊ မိုင်းအန္တရာယ်တို့ကို  စိုးရိမ်သောကြောင့် နေရပ်မပြန်နိုင်သေးခြင်းလည်း ဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံများထဲမှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ကိုးသောင်းနီးပါး ကျန်ရှိနေသေးသည်။

#I001

ဗီဒီယိုများ