ရခိုင်က မြို့နယ်တချို့တွင် စက်သုံးဆီ ပြတ်လပ်မှုဖြစ်နေ

ရခိုင်ပြည်အတွင်းက တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေ စသည့်မြို့နယ်အချို့မှ စက်သုံးဆီ ဆိုင်ကြီးများတွင် ယခုရက်ပိုင်းအတွင်း စက်ဆုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်။

By Admin 27 Mar 2023

စစ်တွေမြို့မှ လိုင်စင်ရ စက်သုံးဆီဆိုင် တစ်ဆိုင်ကို တွေ့ရစဉ်။
စစ်တွေမြို့မှ လိုင်စင်ရ စက်သုံးဆီဆိုင် တစ်ဆိုင်ကို တွေ့ရစဉ်။

DMG ၊ မတ် ၂၇

ရခိုင်ပြည်အတွင်းက တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေ စသည့်မြို့နယ်အချို့မှ စက်သုံးဆီ ဆိုင်ကြီးများတွင် ယခုရက်ပိုင်းအတွင်း စက်ဆုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း စက်သုံးဆီ အရောင်းဆိုင်ရှင်များထံမှ သိရသည်။

နွေရာသီကာလတွင် ခရီးသွားလာမှုများပြားခြင်းကြောင့် စက်သုံးဆီဆိုင်များအတွက် ခွဲတမ်းရရှိသည့် စက်သုံးဆီထက် အသုံးပြုမှုမှာ ပိုမိုများပြားနေကြောင်း ကျောက်ဖြူမြို့မှ စက်သုံးဆီ အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

“ကျနော်တို့ လိုင်စင်ရစက်သုံးဆီဆိုင်ကြီးတွေထက် လမ်းဘေးဆိုင်ငယ်တွေဆိုရင် အမြန်ကုန်တယ်။ ဘာလို့ဆိုရင် ဒီကာလက ပွင့်လင်းရာသီလည်းဖြစ်တော့ ခရီးသွားတွေ အရမ်းများတယ်။ စက်သုံးဆီ အသုံးပြုမှုလည်း အရမ်းများတယ်။ ခွဲတန်းနဲ့ရတဲ့ စက်သုံးဆီနဲ့ အသုံးပြုသူက ပိုများနေတော့ မလုံလောက်ဘူးပေါ့”ဟု ၎င်းကဆိုသည်။

စက်သုံးဆီဆိုင်များမှ ခွဲတမ်းရရှိမည့် စက်သုံးဆီများကို ရန်ကုန် သီလဝါဆိပ်ကမ်းမှ ထုတ်ယူရန် သွားရောက်ရာတွင်လည်း လမ်းခရီးတွင် စစ်ဆေးမှုများကြောင့် အချိန်မီမရောက်နိုင်ဘဲ ခွဲတမ်းဆီများ လုံလောက်စွာမရရှိကြောင်း ဆီအရောင်းဆိုင်များမှ သိရသည်။

တောင်ကုတ်မြို့နယ်မှ စက်သုံးဆီဆိုင်ရှင်တစ်ဦးက “ဆီခွဲတန်းယူရတာက ၃ ရက် တစ်ကြိမ်ဆိုတော့ လမ်းခရီးကြန့်ကြာတော့ မရောက်နိုင်ဘူး။ ဆီခွဲတန်းရတာကလည်း အရနည်းတော့ ပိုပြီး အဆင်မပြေဖြစ်တယ်။ တခါတလေ သတ်မှတ်ရက် မရောက်လိုက်ဘူး။ ဒါဆိုရင် ယူမဲ့ဆီတွေ cancel ဖြစ်သွားတယ်။ အဲဒါကြောင့် ဆီပြတ်လပ်တာလို့ ပြောလို့ရပါတယ်”ဟု ပြောသည်။ 

စစ်တွေမြို့ရှိ လိုင်စင်ရ စက်သုံးဆီဆိုင်များတွင်လည်း ယခုရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့ရသည့်အတွက် ဆီကို အလုအယက်ဝယ်ယူနေကြရကြောင်း မြို့ခံများထံမှသိရသည်။

စစ်တွေမြိုရှိ စက်သုံးဆီဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက “ကျမတို့ဆိုင်မှာ 92 ဆိုရင် နေ့လယ် ၁ နာရီ လောက်ကတည်းက ကုန်သွားပြီ။ တခြားဆီတွေတော့ ကျန်သေးတယ်။ ဆီကိုလည်း တစ်ရက်စာပဲ ယူလို့ရတယ် အများကြီးမရဘူး။ မနေ့ကရောက်တဲ့ ဆီဆိုရင် ဒီနေ့ နေ့လယ်ပိုင်းမှာ ကုန်သွားတာ”ဟု ပြောသည်။

စက်သုံးဆီဆိုင်ကြီးများတွင် ဆီပြတ်လပ်မှုဖြစ်ပေါ်နေသဖြင့် ဆီစျေးနှုန်း ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။

“ဆီဈေးသာ မြင့်တက်လာမယ်ဆိုရင် ကျွန်တော်တို့အတွက် အခက်အခဲဖြစ်မှာ။ အခုတောင်မှ ဆီတစ်လီတာကို နှစ်ထောင့်ငါးရာအထိ ပေးဝယ်နေရတာ။ အရင်ဆိုရင် ဆီငါးထောင်ဖိုးထည့်ရင် တစ်ပတ်ကျော်လောက် သုံးရတယ်။ အခုဆီငါးထောင်ဖို့နဲ့ သုံးလေးရက်တောင် မသုံးရဘူး”ဟု စစ်တွေမြို့တွင်နေထိုင်သည့် မောင်ငပြီချေက ပြောသည်။ 

စစ်တွေမြို့ရှိ လိုင်စင်ရစက်သုံးဆီဆိုင်များတွင် ယနေ့(မတ်လ ၂၇ ရက်) စက်သုံးဆီဈေးနှုန်းများမှာ အောက်တိန်း(၉၅) တစ်လီတာကို ၂၃၆၅ ကျပ်၊ အောက်တိန်း(၉၂) တစ်လီတာကို ၂၂၇၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာကို ၂၃၀၅ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာကို ၂၂၂၅ ကျပ်ရှိသည်။ ပြင်ပ စက်သုံးဆီဆိုင်များတွင် အောက်တိန်း(၉၂) တစ်လီတာကို ၂၅၀၀ ကျပ်အထိ ပေါက်စျေးရှိနေသည်။

#R010

ဗီဒီယိုများ