လွိုင်ကော်မြို့ စစ်ကောင်စီစခန်းများကို တော်လှန်ရေးအဖွဲ့များ ဝင်တိုက်၊ မြို့ခံသောင်းချီ ပိတ်မိနေ  

လွိုင်ကော်မြို့ အဝင်ဂိတ်နှင့် စစ်ကောင်စီ တပ်စခန်းများရှိရာ  ထေးငှားလျား၊ ချိကယ်ရပ်ကွက်၊ ရေယိုကျေးရွာ၊ လွိုင်ကော် စက်မှုဇုန်တို့ ယနေ့ နံနက် ၅ နာရီမှ နံနက် ၉ နာရီခွဲထိ KNDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့၍ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြသည်။ 

By Admin 11 Nov 2023

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

DMG ၊ နိုဝင်ဘာ ၁၁

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်နီ တော်လှန်ရေးအင်အားစု တပ်ဖွဲ့များက ယနေ့ (နိုဝင်ဘာ ၁၁) နံနက် ၅ နာရီမှစ၍ ဝင်ရောက်တိုက်ခိုက်နေပြီး မြို့ခံ ၃၀,၀၀၀ ခန့်မှာ တိုက်ပွဲအတွင်းပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

လွိုင်ကော်မြို့ အဝင်ဂိတ်နှင့် စစ်ကောင်စီ တပ်စခန်းများရှိရာ  ထေးငှားလျား၊ ချိကယ်ရပ်ကွက်၊ ရေယိုကျေးရွာ၊ လွိုင်ကော် စက်မှုဇုန်တို့ ယနေ့ နံနက် ၅ နာရီမှ နံနက် ၉ နာရီခွဲထိ KNDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့၍ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြသည်။ 

ထေးငှားရပ်ကွက်နေသူတစ်ဦးက “ထေးငှားနဲ့ ရေယိုရပ်ကွက်ကြားက စစ်တပ်စခန်း မနက်က ဝင်အတိုက်ခံရတယ်။ အခုအထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ လက်နက်ကြီးပစ်တဲ့ အသံတွေပါ ကြားနေရတယ်” ဟု ပြောသည်။

လွိုင်ကော်မြို့ ဒေါဥခူ လမ်းမ၊ ကွန်ပျုတာတက္ကသိုလ်၊  လောပိတရေအားလျှပ်စစ်ရုံး နေရာအပြင်  မြို့တွင်းရှိ ပြည်နယ်စစ်ကောင်စီရုံး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် အခြား ဌာနဆိုင်ရာရုံးနေရာများတွင် စစ်ကောင်စီတပ်အင်အား အများအပြား နေရာယူထားပြီး မြို့တွင်းတိုက်ပွဲများ ပြင်းထန်နေသည်။

“မြို့ထဲမှာ အကုန်ပိတ်မိနေတယ်။ ဘယ်မှထွက်မရတော့ဘူး။ ဆိုင်တွေဈေးတွေ အကုန်ပိတ်ထားတယ်။ လမ်းပေါ်မှာ စစ်တပ်တွေကလွဲရင် ဘယ်သူမှ မရှိတော့ဘူး” ဟု လွိုင်ကော်မြို့ခံတစ်ဦးက ဆိုသည်။

လွိုင်ကော်မြို့တွင်း တိုက်ပွဲများတွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ လွိုင်ကော် Local PDF နှင့် ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) စသည့် တော်လှန်‌ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

“တိုက်ပွဲဖြစ်နေတာ ဟုတ်ပါတယ်။ မြို့သိမ်းတိုက်ပွဲအဆင့်တော့ ပြောမရသေးဘူး။ အခြေအနေအသေးစိတ်ကို တိုက်ပွဲပြီးမှ သတင်းထုတ်ပြန်ပေးမယ်” ဟု KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြောက်ပိုင်းညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံသဖြင့် နိုဝင်ဘာလ ၇  ရက်နေ့ကစပြီး ကရင်နီပြည်တွင်လည်း ၁၁၀၇ စစ်ဆင်ရေးကို စတင်ကြောင်းကြေညာပြီးနောက် ပြည်နယ်မြို့တော် လွိုင်ကော်မြို့တွင်းသို့ တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က ထိုင်း-မြန်မာမယ်စပ် မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ၁၁၀၇ စစ်ဆင်ရေးအဖြစ် ကရင်နီတော်လှန်‌ရေးအင်အားစုအဖွဲ့က တိုက်ခိုက်သိမ်းယူမှုနိုင်ခဲ့သည်။ 

#D013 #DMG

ဗီဒီယိုများ