ဆရာတော်ဦးဥတ္တမ ဘေးမဲ့ဒီရေတောတွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် ကဏန်းများကို ဘေးမဲ့လွှတ်

(၈၃)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ဆရာတော်ဦးဥတ္တမ ဘေးမဲ့ဒီရေတောတွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် ကဏန်းများကို ဘေးမဲ့လွှတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

09 Sep 2022

DMG ၊ စက်တင်ဘာ ၉

(၈၃)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ဆရာတော်ဦးဥတ္တမ ဘေးမဲ့ဒီရေတောတွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် ကဏန်းများကို ဘေးမဲ့လွှတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့(စက်တင်ဘာလ ၉ ရက်)နေ့တွင်ကျရောက်သည့် (၈၃)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ကို အဆိုပါ ဘေးမဲ့ဒီရေတောတွင်ကျင်းပခဲ့သည်။

"ဆရာတော်ရဲ့လှုပ်ရှားမှုတွေ၊ ရှင်သန်မှုတွေ၊ ဆရာတော်ရဲ့ စိတ်ဓာတ်မျိုးတွေ ကျနော်တို့လူငယ်တွေမှာရှိသင့်တယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ကျေးဇူးတရားကြီးမားတဲ့ ဆရာတော်ကို ကျနော်တို့အမှတ်ရဖို့အတွက် နိုင်ငံရေးပြဿနာ ဘယ်လောက်ဖြစ်နေနေ၊ မလုံခြုံတွေ ဘယ်လောက်ဖြစ်နေနေ ဆရာတော်ကို အမှတ်ရနေမှာဖြစ်သလို ဆရာတော်ရဲ့ဂုဏ်ကျေးဇူး အမြဲရှင်သန်ဖို့လိုတယ်"ဟု ဦးဆောင်ပြုလုပ်ခဲ့သည့် အမ်းဒေသခံ ကိုမျိုးလွင်က DMG သို့ ပြောသည်။

“အာရှနေဝန်း ဆရာတော်ဦးဥတ္တမ ဘေးမဲ့ဒီရေတော“မှာ အမ်းမြို့၏ တောင်ဘက်တွင်တည်ရှိပြီး ဧက ၂၀၀ ခန့် ကျယ်ဝန်းသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်ခဲ့သည် ၈၂ ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ဆရာတော်ကို ဂုဏ်ပြုသည့်အနေဖြင့် ယင်းသို့သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ၈၃ နှစ်မြောက်တွင် “အာရှနေဝန်း ဆရာတော်ဦးဥတ္တမ ဘေးမဲ့ဒီရေတော“၌ နံနက်ပိုင်းတွင် ကဏန်းအကောင်ရေ ၈၃ ကောင်ကို ဘေးမဲ့လွတ်ခဲ့သည်။

ညနေပိုင်းတွင် အမ်းမြို့နယ်အတွင်းရှိ ဒီရေတောပြုန်းတီးနေသည့် နေရာသုံးနေရာတွင် တစ်နေရာလျှင်ဒီရေရောက်ပင် ၈၃ ပင်စီဖြင့် အပင်ရေ ၂၄၉ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း အမ်းမြို့နယ်ဒေသခံ ကိုမျိုးလွင်က DMG သို့ပြောသည်။

ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်တွေမြို့၌မွေးဖွားခဲ့ပြီး ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့သည်။

(၈၃)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ကို စစ်တွေမြို့အပါအဝင် ရခိုင်ပြည်အနှံ့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ဗီဒီယိုများ