လျှပ်စစ်မီး ပုံမှန်မရရှိသည့်အကျိုးဆက်အဖြစ် ဒီရေတောပြုန်းတီးမှုပိုများလာ

ရခိုင်တွင် ယခုနှစ်အတွင်း ဒီရေတောပြုန်းတီးမှု ပိုများလာနေသည်ဟု ပြည်နယ်အတွင်း ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

13 Aug 2022

Photo - Zaya Kyaw

DMG ၊ သြဂုတ် ၁၃

ရခိုင်တွင် ယခုနှစ်အတွင်း ဒီရေတောပြုန်းတီးမှု ပိုများလာနေသည်ဟု ပြည်နယ်အတွင်း ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ဒေသခံများမှာ ထင်း၊ မီးသွေးကို လောင်စာအဖြစ် အဓိကအသုံးပြုလာကြသည့်အတွက် ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ မြေပုံ စသည်မြို့နယ်တို့တွင် ဒီရေတော ၂၅ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ပြီဟု ဒီရေတောထိန်းသိမ်းရေးဆောင်ရွက်နေသူများပြောသည်။

“စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒီရေတောပြုန်းတီးမှုတွေက အရမ်းများလာတယ်။ မီးပုံမှန်မရတဲ့အကျိုးဆက်က ဒီရေတောပြုန်းတီးတာပဲဖြစ်တယ်။ ကျနော်တို့အမ်းဘက်မှာဆိုရင် တချို့ဒီရေတောတွေဆိုရင် လုံးဝမရှိသလောက်ဖြစ်သွားပြီ”ဟု ဒီရေတောထိန်းသိမ်းရေးဆောင်ရွက်နေသည့် ကိုမျိုးလွင်ကပြောသည်။

လက်ရှိ ရခိုင်က မြို့နယ်များတွင် နေ့စဉ်ရက်ဆက်ဆိုသလို သတ်မှတ်ချိန်မရှိဘဲ လျှပ်စစ်မီးပြတ်တောက်နေသည်။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်ခန့် လျှပ်စစ်မီးပြတ်တောက်နေကာ တစ်ကြိမ်ပြတ်လျှင် အနည်းဆုံး ၂ နာရီခန့်ကြာမြင့်ကြောင်း လျှပ်စစ်မီးသုံးစွဲသူများကပြောသည်။

ယခင်က ထင်းရရှိရေးအတွက် ဒီရေတောများကို ခုတ်လှဲခဲ့ကြရာမှ ယခုအခါ မီးသွေးဖုတ်ရန်နှင့် အုတ်ဖုတ်ရန်တို့အတွက်ပါ ဒီရေတောများကို ခုတ်လှဲလာနေကြသည်။

လက်ရှိ မီးသွေးဈေးမှာလည်း ယခင်ထက် ၂ ဆခန့် မြင့်တက်နေသည့်အတွက် ဒေသခံအချို့မှာ မီးသွေးဖုတ်သည့်လုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်လာကြသည်ဟု ကိုမျိုးလွင်ကဆိုသည်။

ရခိုင်တွင် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် မီးသွေးသုံးစွဲသူပိုများလာနေပြီး ယခင်က မီးသွေးတစ်အိတ်ကို ၅၀၀၀ ကျပ်သာရှိခဲ့ရာမှ ယခု ၁၀၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးတက်လာနေကြောင်း မီးသွေးပွဲရုံပိုင်ရှင်အချို့က ပြောဆိုသည်။

မီးသွေးပွဲရုံပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးကျော်သာလှက “အရင်တုန်းကဆိုရင် တစ်ရက်မှာ မီးသွေးနည်းနည်းလောက်ပဲ ရောင်းချခဲ့ရတယ်။ အခုက နေ့တိုင်းဆိုသလိုမီးပြတ်နေတော့ မီးသွေးသုံးတဲ့သူ ပိုများလာတယ်။ တစ်နေ့ အိတ် ၂၀ အထက်ကို ရောင်းရပါတယ်”ဟု ဆိုသည်။

အာရှတွင် ဒုတိယအကြီးဆုံးဖြစ်သော ရမ်းဗြဲမြို့နယ်မှ ဝမ်ဖိုက်ဒီရေတောမှာလည်း စက်လှေကြီးများဖြင့် ထင်းလာရောက်ခုတ်ယူသူများကြောင့် ပြုန်းတီးမှုရှိလာသည်ဟု ဒေသခံများကပြောသည်။

ရမ်းဗြဲမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုထွန်းနိုင်က “ဒီရေတော ဆက်မပြုန်းတီးဖို့အတွက်ကတော့ ဒေသခံတွေတစ်ခုတည်းမဟုတ်ဘဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း တစိုက်မတ်မတ်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်"ဟု ပြောသည်။

ဒီရေတောနှင့် သစ်တောများပြုန်းတီးလာမှု၏ အကျိုးဆက်အဖြစ် ရာသီဥတုဖောက်ပြန်ခြင်းနှင့် အခြားဆိုးကျိုးများဖြစ်ပေါ်လာနိုင်သည့်အတွက် သစ်ပင်များကိုထိန်းသိမ်းကြရန် ရခိုင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးဦးသန်းမြင့်ကတိုက်တွန်းသည်။

“ဒီရေတောတွေ မရှိတော့ဘူးဆိုရင် ရေလှိုင်းဒဏ်ကြောင့် ကမ်းပါးပြိုကျမယ်။ အပင်စိုက်ပျိုးလို့ ထိန်းသိမ်းမယ်ဆိုတာထက် အပင်ကိုမခုတ်လှဲဘဲ ထိန်းသိမ်းတာက ပိုထိရောက်ပါတယ်”ဟု ၎င်းကဆိုသည်။
ဒီရေတောများကို ငါးနှစ်တစ်ကြိမ်ကောက်ယူသည့် စာရင်းအရ

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ရခိုင်တွင် ဒီရေတော ၃၉၅,၇၂၆ ဧကရှိခဲ့ကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။ မောင်တောခရိုင်တွင် ၅၃၂၀ ဧက၊ စစ်တွေခရိုင်တွင် ၇၄၆၀ ဧက၊ မြောက်ဦးခရိုင်တွင် ၁၄၈၂၆၈ ဧက၊ ကျောက်ဖြူခရိုင်တွင် ၈၃၆၆၀ ဧကနှင့် သံတွဲခရိုင်တွင် ၈၃၈၇၆ ဧကတို့ဖြစ်ကြသည်။

ဗီဒီယိုများ