ပေါက်တောမြို့တိုက်ပွဲ ယနေ့ပိုပြင်းထန် 

စစ်ကောင်စီက ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပေါက်တောမြို့ကို ဂျတ်တိုက်လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ပြီး ကုလားတန်မြစ်နှင့် ကျွဲကူးမြစ်ကြောင်းရှိ  စစ်ကောင်စီနေဗီများမှလည်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောကြသည်။ 

By Admin 01 Dec 2023

ပေါက်တောတိုက်ပွဲတွင် ပစ်ကူနေသော စစ်ကောင်စီနေဗီအား AA တပ်ဖွဲ့ဝင်တစ်ဦးက လှမ်းပစ်ခတ်နေစဉ်။ (ဓာတ်ပုံ – AA Info Desk)
ပေါက်တောတိုက်ပွဲတွင် ပစ်ကူနေသော စစ်ကောင်စီနေဗီအား AA တပ်ဖွဲ့ဝင်တစ်ဦးက လှမ်းပစ်ခတ်နေစဉ်။ (ဓာတ်ပုံ – AA Info Desk)

DMG ၊ ဒီဇင်ဘာ ၁

ရခိုင်ပြည်၊ ပေါက်တောမြို့ ယနေ့တိုက်ပွဲတွင် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ကာ တိုက်ခိုက်နေပြီး စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ 

စစ်ကောင်စီက ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပေါက်တောမြို့ကို ဂျတ်တိုက်လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ပြီး ကုလားတန်မြစ်နှင့် ကျွဲကူးမြစ်ကြောင်းရှိ  စစ်ကောင်စီနေဗီများမှလည်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောကြသည်။ 

“ဒီနေ့ မနက်ပိုင်းက ဂျတ်လေယာဉ်နဲ့ ဗုံးတွေချသွားတာရှိတယ်။ အခုလည်း ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတယ်။ နောက်ပြီး နေဗီတွေကလည်း လက်နက်ပစ်တာတွေရှိပါတယ်။ ဒီနေ့တိုက်ပွဲက အရင်နေ့တွေထက် ပိုပြင်းတယ်” ဟု မျက်မြင်ဒေသခံ အမျိုးသားတစ်ဦးက  ပြောသည်။

ပေါက်တောမြို့မရဲစခန်းကို AA က သိမ်းပိုက်သည့် နိုဝင်ဘာ ၁၆ ရက်နေ့မှစ၍ ပေါက်တောမြို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲကာလ ၁၆ ရက်ထိ ကြာမြင့်လာပြီ ဖြစ်သည်။

ပေါက်တောမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီက ကြေးရေလေ ပူးပေါင်းစစ်ဆင်နေပြီး AA ကလည်း ပိတ်မိနေသည့် မြို့ခံများကို ကယ်ထုတ်ရန်ကြိုးပမ်းရင်း နေ့စဉ် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

ပေါက်တောတိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပိတ်မိနေသော အဖွားအိုတစ်ဦး သေဆုံးသွားပြီး နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ 

ပေါက်တောဒေသခံ နောက်တစ်ဦးက “ဒီနေ့လည်း နေအိမ်တွေ မီးလောင်နေတာကို မြင်ရတယ်။ မီးကတော့ နေ့တိုင်းလိုလို လောင်နေတာ။ ဒီနေ့ ၁၂ နာရီလောက်ကတည်းက လောင်နေတာပါ။ အခုလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်” ဟု သူက ပြောသည်။ 

စစ်ရေးပဋိပက္ခအတွင်း ပိတ်မိနေသူများနှင့် စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် ပေါက်တောမြို့ ဒေသခံ ၂၂၀ ကျော်ကို နိုဝင်ဘာ ၂၁ ရက်နှင့် ၂၃ ရက်တွင် AA က ကယ်ထုတ်နိုင်ခဲ့သည်။ ယင်းအပြင် နိုဝင်ဘာ ၂၈ ရက်ကလည်း စစ်ကောင်စီဖမ်းဆီးထားသည့် ပေါက်တောမြို့ခံအချို့ကို ကယ်ထုတ်ခဲ့သည့် ရုပ်သံဗီဒီယိုဖိုင်ကို AA က ထုတ်ပြန်ခဲ့သည်။

ပေါက်တောမြို့သည် ရေကြောင်းလမ်းပန်းဆက်သွယ်ရေးတွင် အချက်အချာကျသည့်မြို့ဖြစ်သဖြင့် စစ်ကောင်စီနှင့် AA တို့ အပြိုင်အဆိုင် တိုက်ယူနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။ 

#D002 #DMG 

ဗီဒီယိုများ