ကျေးရွာ အုပ်ချုပ်ရေးမှူးများ မရှိသဖြင့် ဒေသခံများ ထောက်ခံစာယူရာတွင် အခက်အခဲဖြစ်နေ

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀ ခန့် နုတ်ထွက်စာတင်ထားသည့်အတွက် ဒေသခံများမှာ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်ပြုလုပ်ရမည့် ကိစ္စတို့တွင် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

By Admin 30 Dec 2022

ကျေးရွာ အုပ်ချုပ်ရေးမှူးများ မရှိသဖြင့် ဒေသခံများ ထောက်ခံစာယူရာတွင် အခက်အခဲဖြစ်နေ

ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအားတွေ့ရစဉ်။ ဓာတ်ပုံ-CJ

DMG | ဒီဇင်ဘာ ၃၀

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀ ခန့် နုတ်ထွက်စာတင်ထားသည့်အတွက် ဒေသခံများမှာ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်ပြုလုပ်ရမည့် ကိစ္စတို့တွင် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး ၇၀ ကျော်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ တတိယပတ်အတွင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ကာ နုတ်ထွက်စာ တင်ခဲ့ကြသည်။

အဆိုပါ ကိစ္စကြောင့် လက်ရှိတွင် အုပ်ချုပ်ရေးမှူးအသစ် အစားထိုး မခန့်နိုင်သေးသဖြင့် ဒေသခံများမှာ မှတ်ပုံတင် ပြုလုပ်ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာ မရရှိသည့်အတွက် အခက်အခဲဖြစ်နေရခြင်းဟုဆို သည်။

ပုဏ္ဏားကျွန်းမြို့နယ် ပဲစိနန်းကျေးရွာမှ ဒေသခံတစ်ဦးက “ ကျနော်တို့ရွာက အုပ်ချုပ်ရေးမှူးက နုတ်ထွတ်စာ တင်ထားတော့ မြို့နယ်ထွေအုပ်ရုံးကို ထောက်ခံစာသွားယူတယ်။ သူတို့ကလည်း ကျေးရွာ အုပ်ချုပ်ရေးမှူးထောက်ခံစာ မပါရင် ပေးလို့မရဘူးလို့ ပြောတယ်။ ထောက်ခံစာမပါရင် တစ်ခုမှလုပ်လို့မရဘူး။ အိမ်ထောင်စုစာရင်းလည်း လုပ်လို့မရဘူး။ မှတ်ပုံတင်လည်း လုပ်လို့မရဘူးလို့ပြောတယ် ” ဟု ဆိုသည်။

အလားတူ တက္ကသိုလ် ကျောင်းသားများမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ မရသဖြင့် ကျောင်းစာရင်းသွင်းရန် အခက်အခဲရှိနေကြောင်း ပဲစိနန်းကျေးရွာမှ တက္ကသိုလ်ကျောင်းသူ မခင်သန်းစိုးက DMG သို့ ပြောသည်။

“ ကျမက မနှစ်ကမှ ဆယ်တန်းအောင်တာ။ တက္ကသိုလ်တက်ဖို့ ကျောင်းသွင်းဖို့ မှတ်ပုံတင်လိုတယ်။ ထောက်ခံစာမရတဲ့အတွက် မှတ်ပုံတင် မလုပ်ရသေးဘူး။ မှတ်ပုံတင်မလုပ်ရသေးတဲ့အတွက် ကျောင်းမသွင်းရသေးဘူး ” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ဒေသခံတချို့မှာ မှတ်ပုံတင် မရှိသည့်အတွက် ခရီးသွားလာရာတွင် စစ်ဆေးရေးဂိတ်များတွင် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်းလည်း ပုဏ္ဏားကျွန်းမြို့နယ် ငှက်ကြီးကျွန်းကျေးရွာသား ဦးစောမောင်သိန်းက DMG သို့ပြောသည်။

“ ကျေးရွာ အုပ်ချုပ်ရေးမှူး မရှိတော့ ထောက်ခံစာယူလို့ မရဘူး။ ထောက်ခံစာယူလို့ မရတော့ မှတ်ပုံတင်လုပ်လို့ မရဘူး။ ဆိုတော့ ကျနော်တို့ရွာက မှတ်ပုံတင်မရှိတဲ့သူတွေက စစ်ဆေးဂိတ်တွေကို ဖြတ်လို့မရဘူး။ အဖမ်းခံရနိုင်တယ်။ စစ်တွေမြို့ပေါ်ကိုတောင် သွားလို့မရဘူး ” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ရသေ့တောင်မြို့နယ် ကူတောင်တိုက်နယ်ကျေးရွာ (၁၉) ရွာမှ အုပ်ချုပ်ရေးမှူးတို့မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့က နုတ်ထွက်စာတင်ထားသဖြင့် လက်ရှိတွင် အဆိုပါ ကျေးရွာသားအချို့မှာ အိမ်ထောင်စုစာရင်းလုပ်ရန် အခက်အခဲရှိနေကြောင်း ပြောဆိုနေကြသည်။

“ အခုရွာက ထောက်ခံစာယူလို့ မရဘူး။ အိမ်ထောင်စု စာရင်းလုပ်ဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံ စာလိုတယ်။ နောက်ပြီးတော့ ရဲထောက်ခံစာ လိုတယ်။ အခု အုပ်ချုပ်ရေးမှူး ထောက်ခံစာမရတော့ ရဲထောက်ခံ စာလည်း ယူလို့မရဘူး။ အဲဒီထောက်ခံစာတွေ မရတဲ့အတွက် အိမ်ထောင်စုစာရင်းလည်း လုပ်လို့မရဘူး ” ဟု ကူတောင်ကျေးရွာသား တစ်ဉီးက ဆိုသည်။

ရခိုင်တွင် မြန်မာစစ်တပ်က ဒေသခံ အုပ်ချုပ်ရေးမှူးများကို AA နှင့် ဆက်စပ်သည်ဟု သံသယဝင်ကြပြီး AA ဘက်ကလည်း ၄င်းတို့ကို စစ်ကောင်စီက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများ ဟုဆိုကာ သံသယရှိသဖြင့် နှစ်ဖက် ကြားညှပ်သည့် အနေအထားဖြစ်နေ၍ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် စစ်ကောင်စီအနေဖြင့် ရခိုင်က ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခြိမ်းခြောက်ခြင်း၊ တရားစွဲခြင်းများ မပြုလုပ်ဘဲ ၎င်းတို့၏ အကျပ်အတည်းများကို နားလည်မှုပေးကာ စည်းရုံးသင့်ကြောင်း ရခိုင် နိုင်ငံရေး သမား များက အကြံ ပြုကြသည်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “ စစ်ကောင်စီ အနေနဲ့ ကြားထဲမှာ လုပ်ကိုင်နေရတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ အကျပ် အတည်းတွေကို နားလည်ဖို့ လိုအပ်တယ်။ ULA/AA နဲ့ ပူးပေါင်းရဲ ပူးပေါင်းကြည့်၊ ဆက်သွယ်ရဲရင် ဆက်သွယ်ကြည့် ဆိုတဲ့သဘောနဲ့ ခြိမ်းခြောက်တာတို့၊ တရားစွဲတာတို့ လုပ်လို့မရဘူး။ အဲဒီနေရာတွေက စစ်ကောင်စီ ထိန်းချုပ်မှု သက်ရောက်တဲ့ နေရာတွေလည်း မဟုတ်ဘူး။ စစ်ကောင်စီအနေနဲ့ ဒီလိုကိစ္စတွေကို စည်းရုံးရေးနည်းနဲ့ပဲ အဓိက ဖြေရှင်းသင့် တယ်လို့ မြင်တယ် ” ဟု ဆိုသည်။

အဆိုပါ ဒေသခံများကြုံနေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းနှင့် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဉီးနိုင်လင်းထက်တို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရရှိသေးပေ။

အလားတူ ပြီးခဲ့သည့် ၂၀၁၈ -၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲကာကလည်း မြန်မာစစ်တပ်က အုပ်ချုပ်ရေးမှူး များကို ဖမ်းဆီးမှုများရှိခဲ့သဖြင့် ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ရသေ့တောင်၊ မင်းပြား စသည့်မြို့နယ်များမှ ကျေးရွာ အုပ်ချုပ်ရေးမှူး အများအပြား နုတ်ထွက်မှုများရှိခဲ့ဖူးသည်။

ဗီဒီယိုများ